DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက်မြန်မာလုပ်သားများထံမှ ဒေါ်လာ ၅ ဘီလီယံကို စစ်ပွဲအတွက် သုံးနေဟု ရှောင်တာနယ် ပြော
DVB
·
May 25, 2026
Photo : DVB
Photo : DVB
Donate to DVB

အာဏာသိမ်း စစ်အုပ်စုဟာ ပြည်ပရောက် မြန်မာလုပ်သားတွရဲ့ လုပ်ခလစာတွေထဲကနေ အတင်းအကျပ် ဖိအားပေး လွှဲပြောင်းရယူထားတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံလောက် ရှိနေပြီး ဒီငွေတွေကို လက်နက်ခဲယမ်းတွေဝယ်ယူပြီး စစ်ပွဲအတွက် အသုံးပြုနေတယ်လို့ ဩစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာ ရှောင်တာနယ်က ပြောလိုက်ပါတယ်။

ဆစ်ဒနီမြို့ အခြေစိုက် နိုင်ငံတကာရေးရာ မူဝါဒရေးရာ သုတေသနအဖွဲ့အစည်းတ ခုဖြစ်တဲ့ Lowy Institute နဲ့ အင်တာဗျူးမှာ ခုလိုထည့်သွင်း ပြောကြားလိုက်တာပါ။

“စစ်အုပ်စုဟာ သူတို့ရဲ့ စစ်ပွဲတွေအတွက် ရန်ပုံငွေရှာဖို့၊ တရုတ်နဲ့ ရုရှားဆီကနေ စစ်လက်နက်ပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်တွေ ဝယ်ယူဖို့အတွက် နိုင်ငံခြားငွေကို အသည်းအသန် လိုအပ်နေပါတယ်။ ဒါကြောင့် သူတို့ဟာ နိုင်ငံခြားငွေကို အလွန် ဆာလောင်နေကြတာပါ။ လက်ရှိမှာ သူတို့ဟာ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို တရားဝင် ဘဏ်စနစ်ကနေတဆင့် မြန်မာနိုင်ငံဆီ သူတို့ရဲ့ လုပ်ခလ စာတွေ မဖြစ်မနေ လွှဲပြောင်းခိုင်းနေတဲ့ အခြေအနေမျိုး ရှိနေပြီး အဲဒီအချိန်မှာ စစ်အုပ်စုက နိုင်ငံခြားငွေအားလုံးကို ဖြတ်တောက်ရယူလိုက်ကာ အလုပ်သမားတွေ ကိုတော့ တန်ဖိုးအလျင်အမြန် ကျဆင်းနေတဲ့ ပြည်တွင်းသုံး မြန်မာကျပ်ငွေနဲ့ပဲ ထိရောက်မှုရှိရှိ လဲလှယ်ပေးနေတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ စစ်အုပ်စုက အဲဒီ နိုင်ငံခြားငွေတွေကို ရယူပြီး ခဲယမ်းမီးကျောက်တွေ ဝယ်ယူတဲ့နေရာမှာ သုံးစွဲနေပါတယ်။ လက်ရှိအချိန်မှာ အလုပ်သမားတွေဆီကနေ အတင်းအကျပ် စီးဆင်းနေတဲ့ အဲဒီငွေကြေးပမာဏဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရှိနေပါတယ်။ ဒါဟာ စစ်အုပ်စုက သူတို့ရဲ့ စစ်ပွဲအတွက် ရန်ပုံငွေ ထောက်ပံ့နေတဲ့ အခြေခံအရင်းအမြစ် ဖြစ်ပါတယ်။ ဒီငွေလွှဲမှုတွေဟာ တရားဝင် ဘဏ်စနစ်ကနေတဆင့် ဖြတ်သန်းသွားနေတာ ဖြစ်တဲ့အတွက် ဒီလမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်နိုင်တယ်၊ ဒါမှမဟုတ်ရင်လည်း အနည်းဆုံးတော့ အကြီးအကျယ် ဖိအားပေးနိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။”

ရှောင်တာနယ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် ၅ နှစ်ကြာ လုပ်ကိုင်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်းအဖမ်းခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ ၂ နှစ်ကြာ နေခဲ့ရသူပါ။ 

လတ်တလော “အာဏာသိမ်းကာလ ၅ နှစ်အလွန် အကျပ်အတည်းကြားက မြန်မာပြည်” ခေါင်းစဥ်နဲ့ ဒီအင်အာဗျူးမှာ အရှေ့တောင်အာရှ ပရိုဂရမ် ဒါရိုက်တာဖြစ်သူ ဟန်တာ မာစတွန်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ခြေလှမ်းနဲ့ နိုင်ငံရေးအပြောင်းအလဲ၊ မြန်မာ့စီးပွားရေး အခြေအနေ (အထူးသဖြင့် စက်သုံးဆီစျေးနှုန်း ကြီးမြင့်လာမှုကြောင့် လယ်သမားတွေနဲ့ ကုန်ထုတ်လုပ်မှုအပေါ် သက်ရောက်မှုတွေ)၊ တော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းက ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာတွေကို ရှောင်တာနယ်နဲ့ အပြန်အလှန် မေးမြန်း ဆွေးနွေးထားကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရှောင်တာနယ်က လက်ရှိအချိန်မှာ စစ်အုပ်စုအပေါ် ဖိအားပေးဖို့ လိုအပ် နေတယ်လို့ ပြောပါတယ်။

“စစ်အုပ်စုဟာ ဒီရယ်စရာကောင်းတဲ့ ရွေးကောက်ပွဲနဲ့ တရုတ်ရဲ့ ထောက်ပံ့မှုလိုမျိုး တခြားအချက်အလက်တွေကြောင့် လက်ရှိ သူတို့ရဲ့ ရပ်တည်ချက်အပေါ် အခြေအမြစ်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေကြပါတယ်။ ဒါကြောင့် စစ်အုပ်စုက သူတို့လုပ်ဖို့လိုအပ်တဲ့ လိုက်လျောမှုတွေ လုပ်လာအောင် တကယ်ပဲ ဖိအားပေးဖို့နဲ့ သူတို့ကို တွန်းအားပေးမယ့် လမ်းကြောင်းတွေ ဖော်ဆောင်ပေးဖို့က ဩစတြေးလျနဲ့ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေအပေါ်မှာ မူတည်နေပါတယ်။ လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်က အပစ်အခတ်ရပ်စဲရေးနဲ့ တခြားအချက်တွေကို တောင်းဆိုနေတာ ရှိပေမဲ့ ဒါဟာ သူတို့ရဲ့ စိတ်ကြိုက် စည်းကမ်းချက်တွေအပေါ်မှာပဲ လုံးလုံးလျားလျား အခြေခံနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာအ သိုက်အဝန်းအနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်တာကတော့ စစ်အုပ်စုအနေနဲ့ အတိုက်အခံတွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်လာစေဖို့အတွက် သူတို့အပေါ် ပြင်းပြင်း ထန်ထန် ဖိအားပေးဖို့ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဧပြီလကနေ စက်တင်ဘာလအထိ (၉ လတာအတွင်း) ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာပြန်ပို့ငွေဟာ အမေရိကန်ဒေါ်လာ ၂.၆၈ ဘီလီယံရှိခဲ့ကြောင်း ဗဟိုဘဏ်ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ဒီ ၉ လတာပမာဏဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၁ နှစ်လုံးစာနဲ့ ယှဉ်ရင်တောင် သန်း ၅၀၀ ကျော် ပိုများနေပါတယ်။

နိုင်ငံခြားငွေ လိုအပ်နေတဲ့ စစ်ကောင်စီက ပြည်ပရောက်မြန်မာလုပ်သားတွေ အ နည်းဆုံး ၁ လလျှင် ၁ ကြိမ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း ပြန်လွှဲပေးဖို့ အလုပ်သမားတွေနဲ့ အေဂျင်စီတွေအပေါ် အတင်းအကျပ်ဖိအားပေးပြီးနောက်ပိုင်းမှာ ပိုပြီး သိသိသာသာတိုးလာတာကို အချက်အလက်တွေက ညွှန်ပြနေပါတယ်။ 

ဒီအစဉ်အစီကို စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်၊ ပြည်ပအလုပ်အကိုင် အလုပ်သ မားသက်သေခံကတ် (OWIC) ထုတ်ပေးမှု၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်တွေနဲ့ပါ ချိတ်ဆက်ထားတာကြောင့် စစ်ကောင်စီရဲ့ ဖိအားပေးမှုဟာ အလုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ 

ဒါ့အပြင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေကို ဖိအားပေး စစ်ဆေး တာနဲ့ ပြည်တွင်းကို ငွေပြန်လွှဲနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံအလိုက် ကုမ္ပဏီတွေကို အေးဂျင့်လိုင်စင်တွေ ချထားပေးတာတွေ လုပ်ဆောင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013