ယီမင်နိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟူသီအဖွဲ့ဟာ ပင်လယ်နီမြောက်ပိုင်းမှာ ဆော်ဒီ ရေနံတင်သင်္ဘောတစင်းကို တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုအပြီး နာရီပိုင်းအကြာမှာပဲ နောက်ထပ် အေဒင်ပင်လယ်ကွေ့အတွင်း မောင်းနှင်နေတဲ့ ဆော်ဒီ ရေနံတင်သင်္ဘောတစင်းကိုလည်း ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဩဂုတ် ၅ ရက်မှာ ပြောပါတယ်။
ဟူသီစစ်ဘက်ပြောခွင့်ရ ယာယျာဆာရီးက X လူမှုကွန်ရက်ပေါ်မှာ “ဒေစီ” အမည်ရှိ ရေနံတင်သင်္ဘောဟာ ပဲ့ထိန်းဒုံးကျည် ထိမှန်ခဲ့တာကြောင့် နောက်ပြန်လှည့်သွားခဲ့ရကြောင်း၊ ဒီတိုက်ခိုက်မှုဟာ ဆော်ဒီဘက်က ပိတ်ဆို့ထားမှုကို ပြန်လည်ပိတ်ဆို့တဲ့ သူပိတ် ကိုယ်ပိတ မူဝါဒအရ လုပ်ဆောင်တာဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ဟူသီထိန်းချုပ်ဒေသတွေအပေါ် စီးပွားရေးပိတ်ဆို့ထားမှုကို ပြန်မရုပ်သိမ်းမချင်း ဆော်ဒီ ရေနံတင်သင်္ဘောတွေကို အနီးကပ်စောင့်ကြည့်ပြီး ပင်လယ်နီ မြောက်ပိုင်းရော တောင်ပိုင်းပါ ဖြတ်သန်းခွင့် တားဆီးသွားမယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်စဉ်ဟာ ဟူသီနဲ့ ဆော်ဒီကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ဟူသီအဖွဲ့ဟာ ဇူလိုင် ၂၀ ရက်ကတည်းက ဆော်ဒီနဲ့ဆက်စပ်နေတဲ့ ပင်လယ်နီအတွင်း သင်္ဘောသွားလာမှုတွေကို ပိတ်ပင်တားဆီးကြောင်း ကြေညာထားပါတယ်။
ယီမင်နိုင်ငံဟာ ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ ဟူသီအဖွဲ့က မြို့တော်ဆာနာ အပါအဝင် မြောက်ပိုင်းဒေသ အများစုကို သိမ်းပိုက်လိုက်ချိန်ကစလို့ စစ်ပွဲအတွင်း ကျရောက်ခဲ့တာဖြစ်ပြီး ၂၀၁၅ မှာတော့ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုထားတဲ့ ယီမင်အစိုးရကို ကူညီဖို့ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ဝင်ရောက် စွက်ဖက်ခဲ့ကြပါတယ်။
Source: Reuters










