
အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံကြား အပစ်ရပ်ရေးကို အကောင်အထည်ဖော်ဖို့ သဘောတူလိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဒီသဘောတူညီချက်ဟာ လက်ဘနွန်နိုင်ငံတွင်းက အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က တိုက်ခိုက်မှုတွေ အလုံးစုံရပ်တန့်ဖို့ အပါအဝင် အခြားအချက်တွေအပေါ် မူတည်တယ်လို့ ဆိုပါတယ်။
ဇွန် ၃ ရက်က လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၉ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးနောက် ဒီသဘောတူညီချက် ထွက်ပေါ်လာတာပါ။
ဒါဟာ ဇွန် ၁ ရက်က ရရှိခဲ့တဲ့ တစိတ်တပိုင်း အပစ်ရပ်ရေး သဘောတူညီချက်အပြီး နောက်ဆက်တွဲ ညှိနှိုင်းမှုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဟစ်ဇ်ဘိုလာ နိုင်ငံရေးကောင်စီဝင် မာမွတ်ကာမာတီကတော့ ဝါရှင်တန်ဆွေးနွေးပွဲတွေကို ငြင်းဆန်ထားပါတယ်။
ကာမာတီက “ဒီဆွေးနွေးပွဲတွေဟာ ကျနော်တို့နဲ့ မသက်ဆိုင်သလို၊ မူအားဖြင့်လည်း ငြင်းပယ်ထားတယ်” လို့ ဇွန်လ ၂ ရက်နေ့မှာပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကတော့ ဟစ်ဇ်ဘိုလာ လွှမ်းမိုးမှုကင်းတဲ့ လုံခြုံရေး အစီအစဉ်တခု ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့ကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပေမဲ့ အခုအခါ အပစ်ရပ်ဖို့ ညှိနှိုင်းနိုင်ခဲ့တာပါ။
အလုံးစုံ သဘောတူညီချက် ရရှိရေးအတွက် ၂ နိုင်ငံ ကိုယ်စားလှယ်တွေဟာ ဇွန် ၂၂ ရက်မှာ ထပ်မံ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။










