
အီရန်စစ်ဆင်ရေး အဓိကရည်မှန်းချက်တွေ ပြည့်စုံလုနီးပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဧပြီ ၁ ရက် ညပိုင်းမှာ ရုပ်သံမိန့်ခွန်း ပြောလိုက်ပါတယ်။
ရေနံလိုတဲ့နိုင်ငံတွေအနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ကိုယ့်ဘာသာ သွားသိမ်းရင်သိမ်း၊ မသိမ်းရင် အမေရိကန်ဆီက ရေနံဝယ်ကြဖို့လည်း ထရမ့်ပ်က ထပ်မံ တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်ဟာ မကြုံစဘူး အနိုင်ရနေပြီး မကြာခင် အလုပ်ပြီးမြောက်တော့မယ်လို့လည်း သူက ကြွေးကြော်ခဲ့ပါတယ်။
မိနစ် ၂၀ ကြာ မိန့်ခွန်းမှာ အမေရိကန်အနေနဲ့ ပြည်ပရေနံ မလိုအပ်သလို ဗင်နီဇွဲလားနဲ့လည်း ထုတ်လုပ်ရေး သဘောတူထားတဲ့အတွက် ဟော်မုဇ်ရေလက်ကြား ပွင့်နေဖို့ မလိုဘူးလို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“လောင်စာဆီမရနိုင်တဲ့ နိုင်ငံတွေထဲမှာ အီရန်ကို ချေမှုန်းရေးမှာ ပါဝင်ဖို့ ငြင်းဆိုခဲ့တဲ့နိုင်ငံတွေ အများကြီးပါတယ်” လို့ မှတ်ချက်ပေးခဲ့ပြီး “အခုမှ သတ္တိမွေးပြီး ရေလက်ကြားကို သွားသိမ်းကြ၊ ကာကွယ်ကြ” လို့လည်း သူက ပြောပါတယ်။
အမေရိကန်ရေနံ ဝယ်ယူကြဖို့ကိုလည်း ထရမ့်ပ်က တိုက်တွန်းခဲ့ပါတယ်။ တဖက်မှာတော့ အီရန်ဘက်က အပစ်ရပ်ဖို့ တောင်းဆိုတယ်ဆိုတာ မှားယွင်းပြီး အခြေအမြစ်မရှိတဲ့ စကားလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားပါတယ်။
အီရန်အစိုးရသစ် သမ္မတက တောင်းဆိုတာလို့ ထရမ့်ပ်က ပြောပေမဲ့ ဘယ်သူ့ကို ရည်ညွှန်းတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။
စစ်ပွဲကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်လာမဲ့ ဂယက်တွေအတွက် အမေရိကန်က ကောင်းကောင်း ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ထရမ့်ပ်က ကတိပြုခဲ့ပြီး ပြည်တွင်းမှာ ဆီဈေးတွေတက်လာတဲ့ ကိစ္စ အတွက်လည်း အီရန်ဘက်ကို အပြစ်တင်ခဲ့ပါတယ်။
အမေရိကန်ဟာ အီရန်ရဲ့ ရေတပ်နဲ့ လေတပ်ကို ဖျက်ဆီးခဲ့သလို ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယား စီမံကိန်းတွေကိုလည်း ဖျက်ဆီးနိုင်ခဲ့ပြီလို့ ထရမ့်ပ်က ထပ်လောင်းပြောဆိုပါတယ်။
ဒါပေမဲ့ ဟော်မုဇ်ရေလက်ကြား အသွားအလာ အဆင်မပြေမှုကြောင့် ကမ္ဘာ့ရေနံဈေး မြင့်တက် နေတာကို ပြေလျော့စေမဲ့ အာမခံချက်မျိုးတော့ ထည့်မပြောခဲ့ပါဘူး။
ဒါကြောင့် မိန့်ခွန်းမပြောခင်က ရေနံတစည်ကို ဒေါ်လာ ၁၀၀ အောက် ရှိနေတဲ့ Brent ရေနံစိမ်းဈေး ဟာ မိန့်ခွန်းအပြီးမှာ ၁၀၅ ဒေါ်လာကို ပြန်ခုန်တက်သွားပါတယ်။
Source:Reuters











