
မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးအသုံးပြု တိုက်ခိုက်တာ၊ အရပ်ဘက် အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) က တောင်းဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပတဲ့ ၅၆ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ထည့်သွင်းတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ၂ဝ၂၁ ခုနှစ်က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ မြန်မာနိုင်ငံပြဿနာ ဖြေရှင်းရေးမှာ အဓိကကျပြီး ဒီအချက်တွေကို ဆက်လက်ကိုင်စွဲသွားမှာဖြစ်ကြောင်း၊ ဒီ ငါးချက် အကောင်အထည်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဖို့ကိုလည်း အားလုံးသဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုအားလုံး ရပ်တန့်ပြီး ခိုက်ရန်ဖြစ်စေမယ့် လုပ်ရပ်အားလုံးကို ရှုတ်ချဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး အခြေအနေတရပ် ဖန်တီးကြဖို့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ကိုလည်း အာဆီယံနိုင်ငံတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးနဲ့ စေ့စပ်ညှိနှိုင်းနေတာကိုလည်း ထောက်ခံကြောင်းနဲ့ ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနဲ့ လက်တွဲပူးပေါင်းကြဖို့လည်း ဆိုထားပါတယ်။
PHOTO-MFAIC