Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက အစီအစဉ်တကျ အကြမ်းဖက်သတ်ဖြတ်နေ
DVB
·
June 7, 2023

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လို့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက အကြမ်းဖက်တာ သတ်ဖြတ်တာတွေကို အစီအစဉ်နဲ့ လုပ်ဆောင်နေလို့တယ် ထောင်တွင်းက ပေးပို့လာတဲ့ စာတွေအရ သိရပါတယ်။

စာထဲမှာတော့ မေလ ၂၁ ရက်နေ့ကစလို့ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်နေပြီး အကျဉ်းထောင် ၃ ခုက  နိုင်ကျဉ်းတွေကို ထောင်အပြင်ခေါ်ထုတ်ကာ ၂ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်းနဲ့ အစီစဉ်တကျ အကြမ်းဖက် နှိပ်စက်နေကြောင်းရေးသားထားတာပါ။

ထောင်တွင်းစာနဲ့ပတ်သက်လို့ ရန်ကုန်အခြေစိုက် ကျောင်းသားသမဂ္ဂက တာဝန်ရှိသူက “ဒါက အစီအစဉ်ချပြီး လုပ်ဆောင်နေတယ်လို့ ယူဆလို့ရပါတယ်။ သူတို့စစ်ကြောရေး ဝအောင်လုပ်ပြီးသွားပြီဆိုတဲ့  အကျဉ်းသားတစ်ယောက်ကို ထောင်တွင်းမှာရှိနေတဲ့ အချိန်ကာလအတွင်းမှာမှ ထပ်ခေါ်ပြီး စစ်ကြောမေးမြန်းရေးလုပ်တယ်ဆိုတဲ့ဟာက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ နောက်တခုက ဒါမျိုးဖြစ်ရပ်မျိုးကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ထောင် ၃ ထောင်မှာ ဆက်တိုက်ဖြစ်သွားတယ်ဆိုတဲ့ဟာက စစ်ကောင်စီအနေနဲ့ အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို အစီအစဉ်ချပြီးတော့ အကြမ်းဖက်မှုတွေကို ဆောင်ရွက်နေတယ်ဆိုတာ ကျနော်တို့ သုံးသပ်လို့ရပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ စစ်ကောင်စီပြုတ်ကျရေးကို ဆက်လက်ဦးတည် တိုက်ပွဲဝင်ဖို့ကလည်း အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

“မူလရည်ရွယ်ချက်ပန်းတိုင်ကို ဆက်လက်လျှောက်လှမ်းသွားဖို့ပေါ့။ လူထုကိုရော နိုင်ငံတကာ အဖွဲ့အစည်းကိုရော ကြားအောင် အသံကျယ်ကျယ်နဲ့ သူတို့ ပြောဆိုခြင်း ဖြစ်ပါတယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့်လည်း သူတို့အပေါ်မှာ risk တွေ ရှိတဲ့ဟာကို သိတယ်။ ဒါပေမဲ့လည်း ဒါတွေကို မမှုဘဲနဲ့ပေါ့ ဒီတော်လှန်ရေးမှာ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားပါဆိုတာမျိုး ဒါကြောင့် သူတို့ အသံကျယ်ကျယ်ထုတ်ဖော်ရတာ ဖြစ်ပါတယ်” လို့ ကျောင်းသားသမဂ္ဂ တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ဖိနှိပ်မှုများကြားက ထောင်တွင်းမှာ “လုံးဝအုပ်ချုပ်ခွင့် မရစေရ”၊ “တော်လှန်ရေးပန်းတိုင်ဆီ ငါတို့အလောင်းတွေကို နင်းပြီး သွားကြ”၊”ဆက်လက်တော်လှန်ကြ”၊ “ You,UN,ICRC,AI are invited to see murder play” စတဲ့ ဆောင်ပုဒ်တွေနဲ့ ဆန့်ကျင် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်၊

စစ်တပ် အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ရက်အထိ မတရားဖမ်းဆီးခံရသူ ၂၃၂၇၅ ယောက်ရှိကာ အဲဒီအထဲ ၁၈၉၄၈ ယောက်က ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၆၂၉၃ ယောက်က ထောင်ဒဏ်ချမှတ် ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဇွန်လ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024