

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျောက်ကြီးကျေးရွာမှာ မေ ၁၄ ရက် မနေ့ ညနေ ၃ နာရီလောက်က အသက် ၄၀ အရွယ် အမျိုးသမီးတယောက် ရွာအနီးက ချောင်းဖြတ်ကူးရာမှာ တောင်ကျရေနဲ့ မျောပါသွားပြီး အခုထိ အလောင်းမရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးရွာနေချိန်မှာ ကျောက်ကြီးကျေးရွာအနီးက ချောင်းထဲကို ဖြတ်ကူးချိန်မှာ ဟန်ချက်ပျက်ပြီး တောင်ကျရေနဲ့ ပါသွားတာဖြစ်တယ်လို့ ကျောက်ကြီးကျေးရွာက အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့က ချောင်းရဲ့တဖက်မှာ မိုးဆက်ရွာရင် ဒီဘက်ကိုကူးလို့ မရမှာစိုးလို့၊ သူတို့ ကူးတဲ့အချိန်က ရေစီးအရမ်းမသန်သေးဘူး။ သူတို့ကူးလာတာ ၇ ယောက်၊ ၄ ယောက် လဲကျတာ၊ ကျန် ၃ ယောက်က ပြန်တွေ့တယ်၊ အဲဒီအစ်မကို မတွေ့သေးဘူး။”
ချောင်းကိုဖြတ်ကူးရာက ဟန်ချက်ပျက်ပြီး ရေစီးနဲ့ ပါသွားတာဖြစ်ပြီး ချောင်းရေက ယောချောင်းထဲကို တမိုင်လောက် အကွာမှာ စီးဝင်တာဖြစ်တယ်လို့ ပြောပါတယ်။
ယောချောင်းက မနေ့မနက်ပိုင်းကတည်းက စတင်ကာ ရေအဆမတန်တိုးလာခဲ့ပြီး ယောချောင်းနံဘေးက အရှေ့ကံတွင်းရွာ၊ ပင်းတလဲရွာ ကွက်ဟောင်းနဲ့ မယ့်ဇလီကွေ့ရွာတွေက အနိမ့်ပိုင်း အိမ်တွေမှာရေ ဝင်ရောက်နေခဲ့တယ်လို့ သိရပါတယ်။