Home
မြန်မာသတင်း
မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ အနည်းဆုံး  ၅ ဦးရှိနေ၊ သားအမိ ၂ ဦး ပျောက်ဆုံးနေ
DVB
·
May 15, 2023

မြန်မာနိုင်ငံကို ဦးတည်တိုက်ခတ်တဲ့ အင်အားအလွန်ကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေးနဲ့  ဧရာဝတီမှာ  သေဆုံးသူ ၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က မုန်တိုင်းဘေး ကနဦး ထိခိုက်ပျက်စီးမှု အခြေအနေကို ထုတ်ပြန်ပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း  မေ ၁၄ ရက် မနက် ၁၁ နာရီခွဲလောက်ကစပြီး  လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နားက  ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

မုန်တိုင်းကြောင့် စစ်တွေမြို့မှာ MPT ဆက်သွယ်ရေးတာဝါတိုင် ကျိုးကျကာ  ဆက်သွယ်ရေးလိုင်းတွေ  ပြတ်တောက်ခဲ့သလို နှစ်ရှည်ပင်တချို့ ပြိုလဲတာ၊ နေအိမ်တချို့ အမိုးလန်ပျက်စီးခဲ့ပြီး ဂွမြို့နယ် ကမ်းသာယာနားက ရွှေဦးကင်းရွာမှာတော့  အိမ်ခြေ ၅၀ လောက် ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မုန်တိုင်းဝင်ရောက်ပြီးနောက်  ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ ရေလှိုင်းတွေ တက်လာပြီး မုန်တိုင်းဒီရေတွေ ဝင်ရောက်ခဲ့ပါတယ်။

မုန်တိုင်းဝင်ချိန် စစ်တွေမြို့မှာ မနေ့ နေ့လယ်ပိုင်းက မိုးရွာပြီး လေပြင်းတိုက်ကာ ရေတွေ ဝင်ခဲ့တာကြောင့် လူတချို့ နေအိမ်တွေထဲ ပိတ်မိနေလို့ အရေးပေါ်ကယ်ဆယ်ဖို့ လိုအပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ပေါ်မှာတင် အိမ်ခြေ ၁၀၀ ကျော်လောက် အနည်းဆုံး ပိတ်မိခဲ့ပြီး ကူညီကယ်ဆယ်ရေး အဖွဲ့တွေရဲ့ ဖုန်းတွေကလည်း အဲဒီအချိန် ဆက်သွယ်လို့ မရခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော ရခိုင်ပြည်နယ်ဒေ‌သ တချို့က အကူအညီ တောင်းခံသူတွေကို ဒေသခံလူမှု ကယ်ဆယ်ရေးအသင်းတွေက ကူညီနေပါတယ်။

ဒုက္ခသည်စခန်းကိုရောက်နေတဲ့ ရသေ့တောင်မြို့နယ်၊ ဒေသခံ တယောက်ကတော့ "လေတွေ တိုက်လာနေတုန်းပါပဲ။ ပြင်းပြင်းတိုက်နေတယ်။ ပျက်စီးတာတော့ မတွေ့ရသေးဘူး။ မြေပြိုနိုင်တဲ့ နေရာက လူတွေကို ပြောင်းပေးထားပါတယ်" လို့ မနေ့က ဆက်သွယ်မေးမြန်းစဉ်မှာ ပြောပါတယ်။

မကွေးတိုင်း မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့မှာတော့  မေ ၁၄ ရက် မနက်ပိုင်းက စပြီး မိုးသက် လေပြင်း တိုက်လို့ မြို့ပေါ်နဲ့ကျေးရွာ ၂၀ ကျော် ရေလွှမ်းမိုးခဲ့ရာ သားအမိ နှစ်ယောက်လည်း ပျောက်ဆုံးခဲ့တယ်လို့ နယ်ခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ကုန်တွင်းကို ဝင်လာတဲ့ မိုခါမုန်တိုင်းကြောင့် မင်းဘူးခရိုင်က စကု၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်တွေမှာ မိုးကြီးပြီး ရေကြီးရေလျှံခဲ့ကာ နေအိမ်တွေနဲ့ လမ်းမကြီးတွေမှာ ရေလွှမ်းခဲ့ချိန် သားအမိနှစ်ယောက် ပျောက်ဆုံးခဲ့တာပါ။

မိသားစုဝင်နှင့်နီးစပ်သူ တဦးမှ "၆နာရီကျော်လောက်က မွေးစားသားကို ဆိုင်ကယ်နဲ့ သူ့အိမ် ပြန်ပို့တာလို့ သိရတယ်။ အဲဒီကလေးပြန်ပို့ပြီး အပြန်မှာ ပျောက်နေတာ။ အခုထိတော့ သတင်း မရသေးဘူး။ သူသွားခဲ့တဲ့လမ်းမှာတော့ ရှာနေတယ်။ မိသားစုက တွေ့ရှိခဲ့ရင် ဆက်သွယ်ရမဲ့ လိပ်စာတွေ အွန်လိုင်းပေါ် တင်ထားပါတယ်”လို့ မေ ၁၄ ရက် ညနေပိုင်းက ပြောပါ တယ်။

ပျောက်ဆုံးနေတဲ့ သားအမိ နှစ်ဦးဟာ ဆင်ဖြူကျွန်းမြို့  ပြန့်လွင့်ရပ်ကွက်၊ အောင်ဓမ္မာရုံနား နေထိုင်သူတွေဖြစ်ပြီး တွေ့ရှိပါက ၀၉၄၀၂၈၇၀၃၈၈ ကို ဆက်သွယ်ပေးဖို့ ခင်ပွန်းဖြစ်သူမှ လူမှုကွန်ရက်မှာ အကူအညီတောင်းထားပါတယ်။

အခင်းဖြစ်ချိန် ရှာဖွေနေသူ ကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက "ကျနော်တို့လည်း ရှာပေးနေပါတယ်။ ရေစီးက သန်တယ်။ လူကြီးပိုင်းဆို မတ်တက်ရပ်ဖို့တောင် မလွယ်ဘူး။ အခုက ဆိုင်ကယ်တောင် မတွေ့ဘူး။ ရေကလည်း အတော်များတယ်။ သူသွားခဲ့တဲ့ လမ်းတလျှောက်တော့ ရှာပေးနေ တယ်”လို့ ပြောပါတယ်။

မုန်တိုင်းကြောင့် မကွေးတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မန်းချောင်းနဲ့ စလင်းချောင်း တွေက ချောင်းရေတွေ အိုင်းမဆည်၊ စလင်းဆည်နဲ့ မဲဇလီဆည်တွေထဲ ဝင်ရောက်ကာ ရေကြီး ရေလျှံခဲ့လို့ မင်းဘူး ရွှေစက်တော်ဘုရားဝင်းထဲက အောက်စက်တော်ရာမှာလည်း ‌ရေနှစ်မြုပ်ခဲ့ တယ်လို့ သိရပါတယ်။

လတ်တလော ဆင်ဖြူကျွန်းမြို့နယ်က ကျီးသိုက်ကျေးရွာ၊ နောင်တော်ကြီးကျေးရွာ၊ ကညှပ်ကျေးရွာ၊ ပေါင်းဆည်ကျေးရွာနဲ့ ယမ်းဘိုကျေးရွာတို့မှာ စလင်းချောင်းရေကျနေလို့ အကူအညီ လိုအပ်နေဆဲလို့ သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး စစ်ဘေးရှောင်တွေရဲ့  သတင်းအချက်အလက်တွေ ရဖို့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာတော့ မုန်တိုင်းကာလမှာတောင် စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်နေတဲ့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်တွေ ဖျားနာနေကြတယ်လို့   NUG ထုတ်ပြန်ချက်က ဆိုပါတယ်။ 

မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ မြေပြိုကျပြီး လူနှစ်ယောက် သေဆုံးသွားပါတယ်။ 

မန္တလေးတိုင်း ပုဂံညောင်ဦးဒေသမှာလည်း မုန်တိုင်းအရှိန်ကြောင့် ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားပြီး တန်ခိုးကြီး စေတီဘုရားတွေ ရေနစ်မြုပ်ခဲ့ပါတယ်။ 

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာလက်ရှိ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း (မြောက်ပိုင်း)၊ ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ကို ဆက်လက်ရောက်ရှိနိုင်ပြီးနောက်  ကချင်ပြည်နယ်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွား နိုင်တယ်လို့  မိုးဇလဌာနက ခန့်မှန်းထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024