
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တပ်မ ၄၄ လက်အောက်ခံ ဒတရ ၆၀၂ တပ်ရင်းကို ကျိုက်ထိုတော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းအဖွဲ့တို့က ဧပြီ ၄ ရက် ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ လက်နက်ကြီးတွေနဲ့ နာရီဝက်နီးပါးကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထို PDF တာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို မသိရသေးဘဲ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီတပ်စခန်းတွေ PDF တွေက ဝင်ရောက်ပစ်ခတ်တာ ခံရပြီဆိုရင် တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပြန်ပစ်လေ့ရှိတယ်။ သာမန်အရပ်သားတွေ ထိခိုက်သေဆုံးတာလည်း ရှိပါတယ်။ စစ်တပ်ကပစ်ပြီဆို လွတ်အောင်ပြေးရတာ။ တချို့ရွာတွေဆို လူတောင်မနေရဲကြတော့တဲ့ အခြေအနေမှာ ရှိနေတယ်” လို့ ပြောပါတယ်။
ကျိုက်ထို၊ သထုံ၊ ဘီလင်းဘက်တွေမှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရတာကြောင့် သေဆုံးဒဏ်ရာရသူ များတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ် အင်္ဂဘိုလက်ပံပင်သုသာန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတာဝန်ခံ တပ်ကြပ်ကြီး ဆန်းထက် ဧပြီ ၅ ရက် မနက်က သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်ကြပ်ကြီးဆန်းထက်ကို ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး ထက်ဆီဆိုင်အနားက ကွမ်းယာဆိုင်မှာ သေနတ်သမားတွေက အနီးကပ် အချက်ပေါင်းများစွာ ပစ်ခတ်တာလို့ ဆိုပါတယ်။
အဲဒီနေရာကို စစ်တပ်က လုံခြုံရေးအများပြားနဲ့ ရောက်လာပြီး အလောင်းကို ကျိုက်ထိုဆေးရုံ သယ်ယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်ကြပ်ကြီး လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ ကင်းပုန်းနေရာကို ဧပြီ ၄ ရက် မနက် ၂ နာရီလောက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
“သူတို့ ကင်းပုန်းချထားတဲ့နေရာကို မနက် ၂ နာရီမှာ ဝင်ရောက်ပစ်ခတ်တာ။ သူ့တို့ဘက်က ၂ ယောက် ကျဆုံးခဲ့တယ်။ အရှင် တယောက်ဖမ်းဆီးရမိခဲ့ပြီး အပြန်မှာ သူတို့ဘက်က ပြန်လည်ပစ်ခတ်တာရှိပေမဲ့ ထိခိုက်မှုမရှိဘဲ ပြန်ဆုတ်ခွာလာရတယ်။”
ရေးဘီလူး PDF အဖွဲ့ဟာ အာယုတောင် ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်တပ်တယ်လီဂရမ်တွေဘက်က သတင်းအတည်ပြု ပြောထားပေမဲ့ ၂ ယောက်သေဆုံးတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။
ဧပြီ ၁ ရက် ညနေ ၆ နာရီခွဲလောက်ကလည်း ဘေးလမိုင်းရွာအနီး အရပ်သားကား ၁ စီးနဲ့ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၂ ရက် မနက် ၉ နာရီ ၂၅ မိနစ်လောက်ကလည်း ကနင်ကမော့ရွာအနီးမှာ စစ်ကောင်စီ ကမ်းရိုးတန်းတပ် ယာဉ်တန်းကို တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ချုံခိုတိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့အထက် သေဆုံးပြီး အများအပြား ဒဏ်ရာရကာ ကား ၂ စီး ပျက်စီးခဲ့တယ်လို့ တောင်ညိုပြောက်ကျားတပ်က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ရာဘာခြံ၊ ကွမ်းသီးခြံ ၅ ခြံနဲ့ တဲ ၃ လုံး၊ ဆိုင်ကယ်စီးလာသူတဦးတို့အား သတ်ဖြတ် မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၂ ရက် မနက် ၁၁ နာရီလောက်ကလည်း ပိန်နဲတောရွာအနီးမှာ စစ်ကောင်စီ ကင်းပုန်းအဖွဲ့ကို တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း အရပ်သား ခရီးသွားလင်မယား ၂ ယောက် သေနတ်ဒဏ်ရာရရှိပြီး ဒေသခံ ခြံသမား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၃၁ ရက် နေ့လယ် ၁၂ နာရီခွဲလောက်ကလည်း ရေး-သံဖြူဇရပ်ကားလမ်း အောင်သပြေရွာအနီးမှာ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ် ကင်းပုန်းအဖွဲ့ကို တောင်ညို ပြည်သူ့ပြောက်ကျားတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရသူတွေကို လူနာတင်ယာဉ် ၂ စီးနဲ့ သယ်သွားတယ်လို့ တောင်ညိုပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်အတွင်း နေရာမရွေး အချိန်အခါမရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာ သတိရှိကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။