Home
မေးမြန်းခန်း
“ကလိမ်ကကျစ် အာဏာရှင်အောက်မှာ ကလိမ်ကကျစ်ပညာရေးပဲ ရမယ်” NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒီဗွီဘီ မေးမြန်းချက်
DVB
·
April 4, 2023

စစ်အာဏာရှင်ဟာ ကျောင်းသူကျောင်းသားတွေကို လွတ်လပ်တဲ့ တွေးခေါ်ခွင့် မပေးဘဲ ကျွန်ပညာရေးကို ဖော်ဆောင်နေတာဖြစ်တယ်၊  ကျောင်းသူ ကျောင်းသားတွေကို ထားရာနေ စေရာသွားဖို့ ကျွန်လိုပဲ သဘောထားတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေး/ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

မြန်မာပြည်တွင်း ပုဂ္ဂလိက ကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု သင်ကြားတာတွေကို စစ်ကောင်စီက ဥပဒေပြန်ဋ္ဌာန်း ပိတ်ပင်ဖို့ ဆောက်ရွက်နေတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မေး - စစ်ကောင်စီ ထုတ်ပြန်တဲ့ အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှုဆိုတာ သူတို့က ဘယ်လိုသတ်မှတ်ထားတယ်လို့ မြင်ပါသလဲ၊ ဆိုလိုရင်းက ဘာဖြစ်မလဲ။ အဲဒီလို အနောက်တိုင်း၊ အရှေ့တိုင်း ဒီမိုကရေစီယဉ်ကျေးမှုဆိုတာ ဘယ်လိုမျိုးလဲ။

ဖြေ - “စကစက ဒီမိုကရေစီယဉ်ကျေးမှုကို တကယ်နားမလည်ဘူးလို့ပဲ မြင်တယ်။ လက်နက်ကိုင်ပြီး အကြောက်တရားနဲ့ပဲ ပြည်သူကို အုပ်ချုပ်ဖို့နဲ့ အာဏာတည်မြဲရေးကိုပဲ နားလည်တဲ့သူတွေလို့ မြင်တယ်။ အရှင်းဆုံးပြောရရင် ကျောင်းသား ကျောင်းသူတွေ၊ ပြည်သူတွေကို နားမျက်စိတွေကို ပိတ်ထားဖို့ ရည်ရွယ်တာဖြစ်တယ်။ ဒီလို နည်းပညာခေတ်နဲ့ လုံးဝကို ဆန့်ကျင်နေတယ်။ ပညာရေးလွတ်လပ်ခွင့်နဲ့ လုံးဝဆန့်ကျင်နေတယ်။”

“တကယ်တမ်းတော့ ဒီမိုကရေစီယဥ်ကျေးမှုဆိုတာ ဘယ်နေရာဒေသမှာပဲ ကျင့်သုံးသုံး အနှစ်သာရကတော့ အတူတူပဲဖြစ်တယ်။ ခုလို ဒီမိုကရေစီရဲ့ အနှစ်သာရကို အရှေ့တိုင်း၊ အနောက်တိုင်း ခွဲခြားပြောဆိုတာကိုက ဝါဒဖြန့်မှုသက်သက်ဖြစ်တယ်။ ဒါဟာ စစ်တပ်ဘက်က တချိန်လုံးပြောနေတဲ့ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး ခွဲခြားသုံးနှုန်းတာနဲ့ သဘောတရား အတူတူပါပဲ။ ပညာသင်ကြားနေတဲ့အရွယ်တွေ အထူးသဖြင့် အခြေခံပညာကျောင်းသားတွေကို ဒီမိုကရေစီစံတန်ဖိုးတွေကို သိရှိ နားလည်သွားမှာကို စိုးရိမ်ကြတာဖြစ်တယ်။”

မေး - ဒီပြဿနာက ကျောင်းသူ ကျောင်းသားတွေအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိစေနိုင်လဲ။

ဖြေ - “ကျောင်းသူ ကျောင်းသားတွေကို လွတ်လပ်တဲ့ တွေးခေါ်ခွင့် မပေးဘဲ ကျွန်ပညာရေးကို ဖော်ဆောင်တာပဲ ဖြစ်တယ်။ ကျောင်းသူ ကျောင်းသားတွေကို ကျွန်လိုပဲ သဘောထားတာ ဖြစ်တယ်။ တယောက်ချင်းရဲ့ အတွေးအခေါ်ကို ချိုးနှိမ်ထားတာဖြစ်တဲ့အတွက် နောင်အနာဂတ် အတွေးအခေါ်၊ အယူအဆတွေနဲ့ ခေါင်းဆောင်မှုတွေကို ချိုးနှိမ်ထားတဲ့ ကျွန်ပညာရေးကို ဖော်ဆောင်ထားတဲ့ စစ်အာဏာရှင်ရဲ့ လူငယ်တွေအပေါ် အညွန့်ချိုးဆက်ဆံတာ ဖြစ်တယ်။ ကျွန်ပဲမွေးချင်တာ၊ သခင်တွေပေါ်လာမှာ ကြောက်တယ်။ ကျနော်တို့ ကျောင်းသားလူငယ်တွေကို သူတို့ထားရာနေ စေရာသွားဖို့ ကျွန်ပြုဖို့ပဲ လုပ်တာပါပဲ။ ကျွန်ပညာရေးကို ဖန်တီးတာပါပဲ။”

မေး - ဒီပြဿနာက ဘယ်လောက်ကြီးလဲခင်ဗျ။ အလားတူ လက်ရှိ စကစလက်အောက်က မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာရော ဒီလိုမျိုး ကြုံတွေ့နေရပြီလား။ ဘယ်လိုအခြေအနေတွေ ဖြစ်နေပြီလဲခင်ဗျ။

ဖြေ - “လွဲမှားတဲ့အယူအဆ အတွေးအခေါ်နဲ့ စီမံခန့်ခွဲမှုတွေကြောင့် မြန်မာ့ပညာရေးက ကမ္ဘာမှာ အနိမ့်ဆုံးဖြစ်ခဲ့ရတယ်။ ပြည်သူ့အစိုးရလက်ထက်မှာ ပြန်တက်လာတဲ့ မျှော်လင့်ချက်တွေက အနိမ့်ဆုံးကို ပြန်ဆွဲချတဲ့ စီမံခန့်ခွဲမှု အယူအဆပဲ။”

“ပုဂ္ဂလိကကျောင်းတွေရဲ့ သင်ကြားမှုကို ကန့်သတ်တယ်ဆိုရင် စစ်ကောင်စီအောက်က မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေရဲ့ အခြေအနေကို ပြေးကြည့်ဖို့ကို မလိုတော့ပါဘူး။ ဒီကျောင်းတွေမှာ Non CDM တွေ သင်ကြားနေတာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ တသွေးတသံတမိန့်အောက်မှာ လိုက်နာမယ်ဆိုတာ ပြောပြဖို့တောင် လိုမယ်မထင်ဘူး။ ဒါဟာ ပေါ့သေးသေးကိစ္စရပ်တခု မဟုတ်ပါဘူး။ နိုင်ငံရဲ့ အညွန့်အဖူးတွေကို ချိုးဖျက်တာပါ။ အခု ပြင်ပကိုပေါက်လာတာက ကရင်ပြည်နယ်က အမိန့်စာဆိုပေမဲ့ ဒါဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့လုပ်တဲ့ စီမံချက်ဖြစ်နိုင်တယ်။”

မေး - ဟိုးအရင် အာဏာရှင်ဟောင်း ဦးနေဝင်းတုန်းကရော အခုလို ထုတ်ပြန်ချက်တွေနဲ့ ဒီမိုကရေစီ မှေးမှိန်ဖို့ သင်ရိုးညွှန်းတမ်းတွေမှာ ဒီလိုလုပ်ရပ်မျိုးတွေ ရှိခဲ့ဖူးလားခင်ဗျ။ တခြား အာဏာရှင်တွေဖြစ်တဲ့ ဦးသန်းရွှေလက်ထက်မှာရော ဘယ်လိုရှိခဲ့လဲ။

ဖြေ - “ဦးနေဝင်းလက်ထက်၊ န.ဝ.တခေတ်မှာလည်း ပိတ်ပင်မှုတွေ ရှိခဲ့တယ်။ မှားယွင်းတဲ့ သမိုင်းနဲ့ မှားယွင်းတဲ့ အယူတွေကို ရိုက်သွင်းခဲ့တယ်။ ကျောင်းသားတွေရဲ့ တက်ကြွတဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုကို လိုချင်တဲ့ ဆန္ဒတွေကို ချိုးနှိမ်တဲ့အမိန့်တွေ၊ အာဏာတွေနဲ့ ချုပ်ကိုင်ခဲ့တာပဲ။”

“အာဏာရှင်တွေအနေကတော့ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးဆိုတဲ့ စကားတွေကို နားခါးမှာပဲ။ အသွင်ကူးပြောင်းရေး တရားမျှတမှု ဆိုတာကို ပိုလို့တောင် ကြောက်မှာပါပဲ။ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ ကဗျာဆရာ၊ ပညာရှင်၊ အနုပညာရှင်တွေရဲ့ လက်ရာတွေ ဖန်တီးမှုတွေကို ကန့်သတ်ခဲ့တာပါပဲ။ ဆင်ဆာစနစ်နဲ့ စာပေဖြန့်ချိမှုတွေကို ကန့်သတ်ချုပ်ချယ်ခဲ့တာပါပဲ။ ဖေ့စ်ဘွတ်ခ်မှာ အာဏာသိမ်းမှုကို လက်မခံကြောင်း ဖော်ထုတ်ရေးသားတာနဲ့ ပုဒ်မတွေတပ်ပြီး ဖမ်းဝရမ်းထုတ်သေးတာပဲ။ စစ်အာဏာရှင်တွေ ဆိုတာ ခေတ်အဆက်ဆက်မှာ အတူတူပါပဲ။”

မေး - အခုလို ဟန့်တားလာတာကို ဘယ်လိုဖြေရှင်းသင့်လဲခင်ဗျ။ NUG အပြင် ကျောင်းသားမိဘတွေကရော ကိုယ့်သားသမီးအနေနဲ့ ဒီမိုကရေစီယဉ်ကျေးမှုကို နားလည်ဖို့ ဘယ်လိုပြင်ဆင်သင့်လဲခင်ဗျ။

ဖြေ - “မြန်မာနိုင်ငံကလူတွေက ထူးချွန်ပါတယ်။ ကန့်သတ်ချုပ်ချယ် ဖိနှိပ်ထားမှုကြောင့် ပညာရေးက အောက်ကျနောက်ကျ ဖြစ်နေခဲ့ရတာဖြစ်တယ်။ နည်းပညာခေတ်မှာတော့ ကန့်သတ်ဖို့ကြိုးစားတဲ့ အတွေးအခေါ်တွေက ခေတ်မမီဘူး။ လက်နက်၊ အာဏာနဲ့ အုပ်ချုပ်နေတာကိုက ခေတ်နောက်ကျပြီး အဓိပ္ပာယ်မရှိဘူး။”

“ကျနော်တို့ အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနရဲ့ ဖက်ဒရယ်ကျောင်းတွေ၊ ကြားကာလ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ထားတာရှိတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရကို အခြေခံပြီးတော့ လွတ်လပ်စွာ တွေးခေါ်သင်ယူမှုကို အားပေးတဲ့ သင်ကြားမှုနည်းစနစ်တွေနဲ့ သင်ကြားပေးနေတာဖြစ်လို့ NUG ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ဖယ်ဒရယ်ပညာရေးကျောင်းတွေမှာ တက်ရောက်သင်ယူနိုင်တယ်။ မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့ကလေးကို ဒီမိုကရေစီစံတန်ဖိုးတွေကို လေ့လာပြီး ကလေးတွေကို ပြန်လည်ရှင်းပြနိုင်ပါတယ်။”

မေး - လက်ရှိ NUG ရဲ့ ကြားကာလကျောင်းပညာရေးအစီအစဉ်မှာ ဒီမိုကရေစီယဉ်ကျေးမှုကို ဘယ်လိုသင်ကြားပေးနေလဲ။ သင်ရိုးညွှန်းတမ်းတွေက ဘာတွေလဲခင်ဗျ။ NUG အနေနဲ့ရော ကလေးသူငယ်တွေကို ဒီမိုကရေစီပညာရေး သင်ကြားပေးမှုကို ဘယ်လောက်ထိ အရေးထားလဲ။

ဖြေ - “ကျနော်တို့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ပညာရေးဖော်ဆောင်နေတဲ့သူ အားလုံး ပါဝင်နိုင်သမျှပါဝင်အောင် ပညာရေးညီလာခံတွေကို ဖိတ်ကြားဆွေးနွေးပြီး ဖက်ဒရယ်ပညာရေးမူဝါဒ ရေးဆွဲပြီး ကြားကာလပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်။ NUCC, JCC (Education) တိုင်းရင်းသားပညာရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပညာရေးလွတ်လပ်ခွင့် အပြည့်အဝနဲ့ အကောင်အထည်ဖော်နိုင်ဖို့ သွားနေတယ်။ လူတစုကပဲ ခြယ်လှယ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ အနာဂတ်မှာ မဖြစ်ဖို့ နောက်မျိုးဆက်ကို သင်ကြားမှုက အရေးကြီးတယ်လို့ နားလည်ထားတယ်။”

“ဒီအတွက် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနှင့် တာဝန်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆရာ၊ ဆရာမတွေအတွက် သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ ကျင်းပခဲ့တာရှိတယ်။ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း ကလေးတွေနဲ့ လိုက်လျောညီထွေအောင် ပြင်ဆင်ပြီး Myanmar Basic Education Facebook Page ကနေ ဖြန့်ဝေတာမျိုးတွေ လုပ်တယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက် ကျနော်တို့ ဒီတော်လှန်ရေးကို လုပ်ခဲ့တာပါ။”

မေး - လက်ရှိ NUG ရဲ့ ကျောင်းအစီအစဉ်က တနိုင်ငံလုံးနဲ့ ဘယ်လိုပုံစံ သင်ကြားပေးနေလဲ။ ဥပမာ - အွန်လိုင်း/အော့ဖ်လိုင်း အစီအစဉ်တွေ ဘယ်လိုရှိလဲ။ ဘယ်လောက်အတိုင်းအတာထိ ဖွင့်ပြီးနေပြီလဲ။ ကျောင်းသူ ကျောင်းသား ဘယ်လောက်ဦးရေ ရှိလဲခင်ဗျ။

ဖြေ - “အခုအချိန်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ Online ကျောင်း ၇၀ ကျော်နဲ့ မြေပြင်ကျောင်း ၁၀,၀၀၀ ကျော် ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ စီဒီအမ် ဆရာ၊ ဆရာမတွေနဲ့ ပညာရေးကို ပံ့ပိုးသူတွေက ဖွင့်လှစ်တာဖြစ်တယ်။ ကျနော်တို့ ပညာရေးဝန်ကြီးဌာနရဲ့ Fb Page မှာတော့ တရားဝင် အသိအမှတ်ပြုခံရတဲ့ ကျောင်းတွေကို ကြေညာချက် ထုတ်ထားပါတယ်။”

“ကျောင်းသားအရေအတွက်ကတော့ အတိအကျပြောဖို့ ခက်ပါတယ်။ မြေပြင်ကျောင်းတွေဆို စကစ စစ်ကြောင်းထိုးတာတွေ၊ နယ်မြေမလုံခြုံမှုတွေကြောင့် ကျနော်တို့ဆီကို လစဉ်ရောက်တဲ့ အရေအတွက်က အပြောင်းအလဲရှိပါတယ်။ ကျနော်တို့နဲ့ မချိတ်ဆက်မိတဲ့ ဒေသတွေလည်း ရှိနိုင်ပါတယ်။ စကစဘက်က ကျောင်းတွေပါမရှောင် ဗုံးကြဲ၊ မီးရှို့နေတဲ့အတွက် အန္တရာယ်ကြားထဲမှာ ကလေးတွေ ပညာသင်ယူနေကြရတယ်။ ကျောင်းတွေမှာ ဗုံးခိုကျင်းတူးပြီး စာသင်ရတဲ့ အခက်အခဲတွေတော့ ရှိပေမဲ့ ပညာသင်ကြားရေးကို ကြိုးစားပြီး လုပ်နေကြတယ်။”

မေး - စကစ အုပ်ချုပ်မှုအောက်က ကျောင်းသားမိဘအများစုက ဒီမိုကရေစီကို လိုလားကြပေမဲ့ ကလေးတွေ ပညာရေးနောက်မကျစေချင်လို့ စကစကျောင်းတွေ ပြန်ထားခဲ့ကြတယ်။ အခုဆိုရင် ဒီမိုကရေစီကို ပိတ်ပင်လာတဲ့ စကစအောက်မှာ သူတို့သားသမီးတွေကို ဘယ်လိုဆောင်ရွက်သင့်လဲပေါ့။

ဖြေ - “ဒီလိုမျိုး အစစအရာရာ တသွေးတသံတမိန့်နဲ့ အုပ်ချုပ်တဲ့ စစ်ကောင်စီရဲ့အောက်မှာ ဒီမိုကရေစီရဲ့ အနှစ်သာရကို ဘယ်ပုံဘယ်နည်းနဲ့မှ ရရှိလိမ့်မယ်လို့ မထင်ဘူး။ ဒီမိုကရေစီရဲ့ အခြေခံတခုဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ဆိုတဲ့ အချက်ကိုတောင် စစ်ကောင်စီလက်အောက်မှာ ကျင့်သုံးခွင့်မရှိတာကို အားလုံးသိပြီးသား ဖြစ်မှာပါ။”

“ကျနော်တို့ ဖက်ဒရယ်ကျောင်းတွေနဲ့ တော်လှန်ရေးဘက်တော်သားတွေ ဖွင့်လှစ်ထားတဲ့ online school တွေအပြင် မြေပြင်ကျောင်းတွေလည်း ရှိပါတယ်။ အဲ့ဒီ့ကျောင်းတွေမှာ တက်လို့ရပါတယ်။ လုံခြုံရေးကျိုးပေါက်မှု ပြဿနာတွေ ထပ်မဖြစ်ရအောင် ဒစ်ဂျစ်တယ် လုံခြုံရေး လမ်းညွှန်ချက်တွေထုတ်ပြီး အလားတူ ပြသနာတွေ ထပ်မဖြစ်ရအောင် ပိုပြီး စနစ်ကျလာအောင် ကြပ်မတ်ဆောင်ရွက်နေတာတွေ ရှိပါတယ်။”

“အချက်အလက် လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနဘက်နဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိပါတယ်။ ကျနော်တို့ဘက်က ပေးနိုင်တဲ့ ပညာရေးဝန်ဆောင်မှုတွေကို လုပ်ဆောင်နေပါတယ်။ ကျန်တာကတော့ မိဘတွေရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်။”

မေး- ဒီမိုကရေစီကို ပိတ်ပင်လာတဲ့ စကစလက်အောက်မှာ မိဘတွေ ကျော်လွှားနိုင်ပါ့မလား။

ဖြေ - “ကျနော်တို့ပြည်သူတွေက ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို ရရာလက်နက်ကိုင်ဆွဲပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တော်လှန်နေခဲ့ကြတာဖြစ်လို့ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ပြည်သူတွေကို ယုံကြည်ပါတယ်။ သေချာပေါက် ကျော်လွှားနိုင်ကြမှာပါ။”

မေး - စကစက ရွေးကောက်ပွဲလုပ်မယ်ပြောပြီး တဖက်မှာလည်း မျိုးဆက်သစ်တွေကို ဒီမိုကရေစီ မသင်ကြားဖို့ လုပ်နေတာက ဘယ်လောက်အထိ အဆီအငေါ်မတည့်သလဲခင်ဗျ။

ဖြေ - “ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ဗန်းပြလိမ်နေတာပါပဲ။ ရှေ့ကဖုံး နောက်ကပေါ် ဖြစ်နေတာပါပဲ။ ရှေ့က ရွေးကောက်လုပ်နေပေမဲ့ ကျောင်းတွေမှာ ဒီမိုကရေစီသင်ကြားခွင့်ကို ကန့်သတ်တာက နောက်က ပေါ်နေတာပါပဲ။”

မေး - ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့လုပ်နေတဲ့ ပါတီတွေ၊ စစ်ကောင်စီရဲ့ ဒီမိုကရေစီမျိုးဆက်ဖြတ်မှုအပေါ် လျစ်လျူရှုပြီး ဝင်ပြိုင်တာက ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ - “ပြည်သူနဲ့အတူ မရပ်တည်နိုင်တဲ့ နိုင်ငံရေးသမား၊ ပြည်သူနဲ့အတူ မရပ်တည်နိုင်တဲ့ ပါတီတွေမှာ အနာဂတ်မရှိနိုင်ဘူး။ သေနေတဲ့ပြည်သူတွေနဲ့ ပျက်စီးနေတဲ့ နိုင်ငံကို ဥပက္ခာပြုပြီး ဒီလို ကမ္ဘာပေါ်မှာ အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်က အတုအယောင်ပုံဖော်တဲ့ ရွေးကောက်ပွဲကို ဝင်တဲ့သူ၊ ဝင်တဲ့ပါတီက ဘယ်လိုနည်းနဲ့မှ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာစရာ အကြောင်းမရှိဘူး။ ဒါက သူတို့ရဲ့ နောက်ဆုံး အဆုံးသတ် ဖြစ်တယ်။ နိုင်ငံရေးသေလူတွေပဲ ဖြစ်တယ်လို့ ကျနော် ပြောခဲ့ပြီးသားပါ။”

မေး - စစ်ကောင်စီရဲ့ အမိန့်အတိုင်း သင်ကြားပေးမယ့် ဆရာတွေကရော ကလေးတွေ ပညာတတ်ကြီး ဖြစ်စေချင်တယ်လို့ သူတို့ပြောခဲ့တာရော ဟုတ်ပါ့မလား။ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ - “သူတို့တွေရွေးချယ်ခဲ့တဲ့ စကစ အုပ်ချုပ်ရေးစနစ်အောက်မှာ ပညာရေးလွတ်လပ်ခွင့် ဆိုတာ တကယ်ရှိသလားလို့ မေးချင်ပါတယ်။ အရပ်သားပြည်သူကို၊ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သူတို့ ဘာပြောချင်လဲဆိုတာ ကျနော်လည်း သိချင်ပါတယ်။ လူသားပီပီ လွတ်လပ်စွာ ကိုယ်တိုင်ဆုံးဖြတ်၊ ထုတ်ဖော်ပြောဆိုခွင့် ရှိလားဆိုတာလည်း သိချင်ပါတယ်။ လူလိမ်လူကောက် ကလိမ်ကကျစ် အာဏာရှင်အောက်မှာ ကလိမ်ကကျစ် ပညာရေးပဲ သင်ပေးလို့ရမှာပေါ့။ ပညာတတ်တော့ မဖြစ်နိုင်ဘူး။ နိုင်ငံကိုဒုက္ခပေးမယ့်၊ ပြည်သူကိုဒုက္ခပေးမယ့်၊ အာဏာရှင်လက်ပါးစေ၊ အာဏာရှင်ကျွန်တွေပဲ ရမယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024