Home
ဆောင်းပါး
လူလိမ်များမွေးမြူထားသည့် စစ်ကောင်စီလက်ထက် မြန်မာပြည်
DVB
·
March 27, 2023

ဖေဖော်ဝါရီလ ၂၆ ရက်စွဲဖြင့် KNU ကရင်အမျိုးအသား အစည်းအရုံးဗဟိုက ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ကာစီနိုလောင်းကစား ရွှေက္ကိုလ်မြို့သစ်တွင် တရားမဝင် ရာဇဝတ်အမှု လုပ်ငန်းများနှင့် သက်ဆိုင်နေသော လောင်းကစားဝိုင်းများ ပပျောက်ရေး သဘောထား ထုတ်ပြန်ခဲ့ပါသည်။ KNU အစည်းအရုံးဝင်များကိုလည်း ၄င်း လောင်းကစားမြို့သစ် တည်ဆောက်ခြင်းနှင့် ပက်သက်သော ပါဝင်လုပ်ကိုင်ခြင်း၊ ထောက်ကူခြင်းများအား တားမြစ်ထားသည်လို့ ဆိုပါသည်။

ကာစီနိုလောင်းကစားမြို့သစ် ထူထောင်လုပ်ကိုင်သူများမှာ ကမ္ဘောဒီးယားနိုင်ငံ တရားဥပဒေစိုးမိုးမှု အဖွဲ့များမှ ဝိုင်းဝန်းနှိမ်နင်းသဖြင့် တိမ်းရှောင်ထွက်ပြေးလာသောသူများသည် ကာစီနို လောင်းကစားမြို့တော် ရွှေက္ကိုလ်မြို့သစ်တွင် လောင်းကစားများ ဂိမ်းများသာ ပြုလုပ်နေခြင်း မဟုတ်။ အခြားသော အွန်လိုင်းလိမ်လည်မှုများစွာ ရှိနေသည်လို့ သိရှိရပါသည်။

၂၀၁၅ ခုနှစ်ကစပြီး မြန်မာနိုင်ငံတွင်လည်း ဖုန်းမက်ဆေ့ချ်များ၊ အွန်လိုင်းများမှ လိမ်လည်ခဲ့မှုများ ယနေ့ထိ လိမ်လည်ငွေတောင်းမှုများစွာ ရှိနေခဲ့ပါသည်။ ကျွန်တော်ကိုယ်တိုင် ၂၀၂၀ နှစ်ကုန်ခါနီး သူငယ်ချင်းဖြစ်သူ facebook messenger မှတဆင့် ငွေသုံးသောင်း အလိမ်ခံရဖူးပါသည်။ သူ facebook အသုံးပြုခြင်းမရှိသည်ကို ကျွန်​တော်က မသိရှိဘဲ ဖုန်းထဲမှာလည်း online bank အဆင်သင့်ရှိနေသဖြင့် လွှဲပေးလိုက်သည်။ ငွေလိုသော အကြောင်းအရာက ကားဝပ်ရှော့မှာ ကားပြင်ပြီး ငွေအနည်းငယ်လိုနေကြောင်း အကြောင်းပြပြောဆိုခြင်း ဖြစ်သည်။ သည်လိုနှင့် ငွေလွှဲပြီးပြီးချင်း သူငယ်ချင်းဖြစ်သူကို ငွေရောက်လား ဖုန်းဆက်မေးလိုက်မှ ကျွန်တော်တို့ အလိမ်ခံရပြီဆိုတာ သိလိုက်ရသည်။

သူငယ်ချင်းဖြစ်သူမှာ အခြားသောသူများလည်း သူ အသုံးပြုခြင်း မရှိသော facebookမှ အလိမ်ခံနေရတာကြောင့် ငွေလွှဲပေးလိုက်သော ဘဏ်အကောင့်ကိုလိုက်၍ သက်ဆိုင်ရာ ပုဂ္ဂလိကဘဏ်ကို နှစ်ဦးသား အပြေးသွားလိုက်သည်။ ကျွန်တော် လွှဲထားသော ငွေမှာ ထုတ်ရှိထားခြင်း မရှိသေးသည့်အတွက် ဘဏ်ရုံးချုပ်ကို ဖြစ်စဥ်ပြောပြ၍ ဘဏ်အကောင့်ပိုင်ရှင် အချင်းချင်း ဖုန်းပြောခိုင်းသည်။ ဘဏ်ရုံးချုပ်မှလည်း ၄င်းအကောင့်ကို ယာယီပိတ်ထားလိုက်သည်။ တဖက်မှ ငွေချက်ချင်းပြန်လွှဲပေးမည် ပြောသော်လည်း သူငယ်ချင်းဖြစ်သူက နောက်လူတွေ ထပ်မဖြစ်ရအောင် အနီးစပ်ဆုံး အကောင့်ဖွင့်ထားသော ဘဏ်ခွဲကို ငွေသား တိုက်ရိုက်သွားပေးသွင်းရန် တောင်းဆိုလိုက်သည်။ နယ်စပ်ရောက်နေသဖြင့် မသွားရောက်နိုင်ကြောင်း ဖုန်း banking ကနေသာ လွှဲပေးလို့ရပါမည် ပြောလာသည်။ ယခု ကိစ္စမှာလည်း သူ မသိရှိကြောင်း ကလေးစက်ဘီး ဝယ်သူက သည်နံပါတ်နှင့် ငွေချေမည်ပြော၍ လက်ခံလိုက်ကြောင်းသာ အတွင်တွင်ပြောသည်။ သည်လိုနှင့် စစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးချိန်အထိ တန်းလန်းကျန်ရစ်နေခဲ့သည်။

အကျိုးအကြောင်း ဆက်၍ပြောရမည်ဆို ရွှေက္ကိုလ်ကနေ အလုပ်ထွက်ခဲ့သော လူငယ်လေးတစ်ဦးနှင့် တွေ့ဆုံမိသည်။ သူ့ကို လောင်းကစားနှင့် ပတ်သက်သော လုပ်ငန်းများ အတော်ကျွမ်းကျင်ပြီလား မေးသည့်အခါ သူက လောင်းကစားဝိုင်းတွင် လုပ်ရသည့်အလုပ် မဟုတ်ပါဟု ပြောလာသည်။ သေသေချာချာ မေးကြည့်သည့်အခါ မြန်မာပြည်မှာ လူလိမ်များစွာ လက်ခံထားသည်ကို တွေ့ရှိရပါသည်။

ထိုလူငယ်လေးသည် ရန်ကုန်မှ ထွက်လာသူဖြစ်ပြီး ကွန်ပျူတာနှင့် အင်္ဂလိပ်စကား အနည်းငယ်ရသဖြင့် အလုပ်သင် ၁၅ ရက် ခန့်ခဲ့ပါသည်။ အလုပ်သင်ကာလ ပြီးသည်နှင့် တစ်လ ဘက် ၁၅၀၀၀ ရမည်ဆိုကာ လူငယ်လေး ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

အလုပ်ချိန်မှာ ည ၈ နာရီမှ မနက် ၅ နာရီအထိ ဖြစ်သည်။ ကွန်ပျူတာတစ်လုံးပေးကာ အလုပ်ပိုင်ရှင်မှ ပေးသော နံပါတ်များကို webstite Test.Now မှတဆင့် ဖုန်းမက်ဆေ့ချ် ပို့ရသော အလုပ်ဖြစ်သည်။ အဓိကအားဖြင့် ဥရောပ၊ အမေရိကနှင့် အရှေ့အလယ်ပိုင်း ဒေသဘက်ကို ဖုန်း နံပါတ် မှားသလိုလိုဖြင့် မိတ်ဆက်စကားဆိုရသည်။ ပြောဆို ရေးသားသည့်အခါ သည်ဘက်မှ မိန်းကလေးတစ်ယောက်လို ရေးရသည်။ အဆင်ပြေပြေ ပြန်ပြောလာသည်နှင့် တယ်လီဂရမ် သုံးလား signal သုံးလား line သုံးလားဆိုပြီး မေးရပြီး  ok သည်နှင့် လူငယ်လေးသည် လုပ်ငန်းခေါင်းဆောင်ကို ပြောပြပြီး ကျန်သည့် ငွေဆက်လိမ်မည့် အဖွဲ့ဘက်ကို ပေးလိုက်ရပါသည်။

သည်လို ချိတ်ဆက်မှုမျိုး တစ်ညကို နှစ်ယောက်ရအောင် လုပ်ပေးရပါသည်။ အကယ်၍ တစ်ယောက်သာ ရပါက အလုပ်ချိန် တစ်နာရီ ပိုဆင်းပေးရသည်။ ထမင်းတစ်နေ့ ငါးနပ်ကျွေးသည်။ သို့သော် ငွေရများလို့သာ လုပ်ရသည့်အလုပ်မှာ လူလိမ်အလုပ် ဖြစ်နေသောကြောင့် လူငယ်လေး အလုပ်ကနေ ထွက်ခဲ့လိုက်သည်။

လောင်းကစားလုပ်ငန်းများသည် အာရှတွင် ခပ်များများ ရှိကြပါသည်။ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် ထိုင်း စသည့်နိုင်ငံများသည် အနောက်နိုင်ငံသားများနှင့် အာရှတိုက်သားတို့အကြိုက် နေရာများဖြစ်သည်။ လောင်းကစားလုပ်ခြင်းသည် မကောင်းသည့် လုပ်ငန်းမှန်း သိကြသော်လည်း လူအတော်များများ ကြိုက်သောလုပ်ငန်းဖြစ်နေ၍ အထက်ဖော်ပြပါ နိုင်ငံများတွင် အခွန်အခ အဆမတန်ကောက်ကာ လုပ်ငန်းခွင့်ပြုခဲ့ကြသည်။ သို့သော် တရားဝင် လောင်းကစားဖြစ်သော်လည်း နိုင်ငံမှ ထောက်လှမ်းမှု အမြဲလုပ်နေကြသည်လို့ သိရပါသည်။ သည်လို နိုင်ငံများတွင် ဥပဒေနှင့်အညီ လုပ်ကိုင်ကြသည့်အခါ လူလိမ်များမှာ မြန်မာပြည်မှာ အခြေချလာကြသည်။ မြန်မာပြည်က ဘာကြောင့် ဒါတွေ လုပ်ခွင့်ရသည်လဲ။ ရှင်းပြအံ့။

ကျွန်တော်တို့နိုင်ငံတွင် ထိုင်းထီ၏ နောက်ဆုံးသုံးလုံးကို ချဲဆိုပြီး တရားမဝင် လောင်းကစားလုပ်ငန်း ရပ်တည်နေခဲ့သည်မှာ သိမီသလောက် စစ်အာဏာရှင် နေဝင်းလက်ထက်ကတည်းက ဖြစ်သည်။ (တိကျသော သက္ကရာဇ်နှစ် မသိရခြင်းသည် ကျွန်တော်၏ အားနည်းချက်ဖြစ်ပါသည်။) ချဲသည် မြန်မာတနိုင်ငံလုံး မသိသူ မရှိသလောက် ဖြစ်ပါသည်။ ရဲ လိုင်းကြေးပေး၍ ရောင်းချရသော လုပ်ငန်းဖြစ်သည်နှင့်အညီ အမှုလိုလို့ ဆိုကာ တရားမဝင် လောင်းကစားလုပ်ငန်း လုပ်ကိုင်သူအား ဖမ်းဟေ့ဆို တဆင့်ခံ ဒိုင်အသေးလေးများနှင့် ထိုးသားများသာ အများဆုံး အဖမ်းခံရပါသည်။ သူတို့လိုမျိုး အယောက်တစ်ရာဖမ်းပြီးမှသာ ဒိုင်ကြီးတွေ ဖမ်းမိတာရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဒိုင်ချုပ်ကြီးများသည် စစ်ဘက်၊ ရဲဘက် အရာရှိကြီးများနှင့် ပတ်သက်သောသူများ ဖြစ်နေသောကြောင့် ဖြစ်သည်။ 

သည်လိုဖြင့် တရုတ်ကြီးများသည် မြန်မာ-ထိုင်းနယ်စပ်တွင် လောင်းကစားဝိုင်း အကြီးကြီးတစ်ခု ဖန်တီးကာ ၄င်းတို့ ဧရိယာအတွင်း လောင်းကစားပေါင်းစုံ လူလိမ်ပေါင်းစုံကို လက်ခံ၍ အဖွဲ့အစည်းများ၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများအား လာဘ်ထိုးမှု ခပ်ကြီးကြီးပေးသောကြောင့် မည်သူမှ မတို့ရဲ မထိရဲဖြစ်နေသော ရွှေက္ကိုလ်မြို့သစ်ကြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးမှ ရွှေက္ကိုလ်မှာ ခြံဝယ်ထားသော အသိမိတ်ဆွေတစ်ယောက် ခြံသွားကြည့်ပြီး ပြန်အလာ BGF တပ်ဖွဲ့ဝင်မှ ငွေတောင်းရမ်းခြင်းခံရသည်။ ငါ လောင်းကစားဝိုင်းက ပြန်လာတာ မဟုတ်။ ငါ့ခြံကနေ ငါပြန်လာသည်ပြောမှသာ ဂိတ်ကနေ ငွေတောင်းခြင်းမရှိ လွှတ်ပေးလိုက်သည်လို့ ဆိုပါသည်။ ထိုမိတ်ဆွေမှ လက်တို့ကာ ပြောသွားသည့် စကားတစ်ခွန်း မမေ့ရက်စရာ ဖြစ်ခဲ့သည်။ စစ်ဘေးရှောင်များ အဲသည့်နားသွားနေကြရင် ကောင်းမည်။ လေယာဥ်၊ တိုက်ပွဲကင်းစင်ဇုန်နေရာဟု အကြံပေးပြောသွားသည်က ရင်နင့်စရာဖြစ်သည်။

စစ်ကောင်စီလက်ထက်တွင် မြို့ရွာအနှံ့ လောင်းကစားဝိုင်းများ တည်ထောင်ကာ ဝန်ထမ်းများကို အောက်ဆိုဒ်ဝင်ငွေခွင့်ပြုထားပြီး ပြည်သူလူထုကို အာရုံလွှဲနေချိန်တွင် ယနေ့ ရွှေက္ကိုလ် လောင်းကစားရုံကြီးမှ စစ်ကောင်စီ အရာရှိကြီးများတွက် ဘယ်၍ဘယ်မျှ လာဘ်စားမှုငွေတွေ ရနေကြပြီလဲ။ အခြားသော အဖွဲ့အစည်းများ အကျိုးတူ ပါနေသလား ဆိုတာကဖြင့် မေးခွန်းထုတ်ရမည့် အခြေအနေ ဖြစ်ပါသည်။

ယနေ့ စစ်ကောင်စီအား များစွာ အထောက်အကူပြုဖြစ်စေသော ငွေကြေးထောက်ပံ့သူများထဲတွင် လောင်းကစားလုပ်ငန်းများသည် အဓိကဖြစ်နေကြောင်း မြေပြင်လေ့လာမှု အခြေအနေများအရ သိရပါသည်။

ထို့ကြောင့် မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်နှင့်အတူ လူလိမ် လူကောက်များ၊ ဝိသမ လောဘသားကောင်များကို မောင်းထုတ်မည့်အရေးက နွေဦးတော်လှန်ရေးနှင့်အတူ ရှင်းလင်းသွားရမည်ဟု ဆိုချင်ပါသည်။

ရွှေနွယ်မောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024