
စစ်ကိုင်းဒေသခံ PDF တွေက တိုက်ပွဲခေါ်ရေး ကိုအားသန်နေပေမယ့် လက်နက်လိုအပ်ချက် မြင့်မားနေတာကြောင့် အလှူငွေရရှိရေးကို တိုးမြှင့်လုပ်ဆောင်နေရပါတယ်။
ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ခဲ့ပြီး လက်ရှိအချိန်အထိ အနီးနားရွာတွေမှာ အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပုလဲဗိုလ်ဂဠန်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
စစ်ကောင်စီရဲ့လုပ်ရပ်တွေကို လက်တုံ့ပြန်သွားမှာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲသွားမယ်လို့ ဆိုပါတယ်။
ဗိုလ်ဂဠုန်က "တိုက်ပွဲတွေကတော့ ပြင်းထန်တယ်။ ကျနော်တို့ စခန်းသိမ်းတိုက်ပွဲတွေပါလုပ်ဖို့ စီစဉ်ထားတယ်။ လက်တုံ့ပြန်မယ်၊ ကျနော်တို့လည်း စစ်ကြောင်းပြန်ထိုးမယ်၊ ဗျူဟာကို ကောင်းကောင်းလေးနဲ့ ပြန်ခုခံမယ်ပေါ့။"
ဖေဖော်ဝါရီ ၂ရက်နေ့က စစ်ကိုင်းတိုင်း ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် PDF တွေဘက်က လက်ဦးမှုရယူပြီး စခန်းသိမ်းတိုက်ပွဲတချို့ဆင်နွှဲခဲ့ပါတယ်။ တတိုင်းလုံးက PDF အစုအဖွဲ့တွေဟာ တိုက်ပွဲခေါ်ဖို့ စိတ်အားထက်သန်နေပေမယ့် လက်နက်လိုအပ်ချက် မြင့်မားတာကြောင့် စိတ်ထင်တိုင်းမပေါက်ဘူးဖြစ်နေတယ်လို့ PDF ခေါင်းဆောင်တွေကပြောပါတယ်။
ဇီးရိုးပြောက်ကျားတပ်ဖွဲ့က ရက် ၉၀ သိန်းတထောင် တိုက်ပွဲခေါ်သံချဲလန့်နဲ့ အလှူငွေရရှိဖို့ ကြိုးစားနေသလို မြောင် Eagle ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ဒရုန်းဝယ်ယူရေးအတွက် "ဝေဟင်ထက်မှသူရဲကောင်း(ကံစမ်းရင်းလှူ) အစီအစဉ်နဲ့ အလှူငွေရဖို့ကြိုးစားနေပါတယ်။ ရရှိလာတဲ့အလှူငွေတွေနဲ့ ထိုက်တန်တဲ့ တိုက်ပွဲနဲ့ရလဒ်တွေကို ပြသနိုင်ဖို့ တာဝန်ယူတယ်လို့ PDF ခေါင်းဆောင်တွေက ပြောပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဇီးရိုးက "ကျနော်တို့ Zero ပြောက်ကျားတပ်ဖွဲ့-မြင်းခြံဟာ မြေပြင်မှာ တိုက်ပွဲတွေများစွာဆင်နွှဲနေပါတယ်။ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ လက်နက်ခဲယမ်း ဖြည့်တင်းဖို့လိုအပ်နေတဲ့အတွက် တိုက်ပွဲခေါ်သံချဲလန့်ဆိုပြီးတော့ ရက် ၉၀ သိန်း ၁၀၀၀ ချဲလန့်နဲ့ ကျနော်တို့အလှူခံမှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပမှာရှိတဲ့ မိဘပြည်သူများအနေနဲ့ ကျနော်တို့ချဲလန့်ကို ပါဝင်အားဖြည့်လှူဒါန်းဖို့ရန် မေတ္တာရပ်ခံအပ်ပါတယ်။"
မြောင် Eagle ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုတိုးက "ပြည်သူတွေက တချို့အရာတွေမှာ လုပ်နိုင်စွမ်းနည်းနေတာကို သံသယလေးတွေရှိနေတဲ့အပေါ် ကျနော်တို့အပေါ်သံသယလေးတွေဖျောက်ပေးပြီး ယုံကြည်မှုလေးတွေထားပေးပါပေါ့နော်။ ဒါလေးပဲ ပြောချင်ပါတယ်။ တဦးတည်းအလှူရှင်မပေါ်ပေါက်ဘူးဆိုရင် ကျနော်တို့က ဒီငွေလေးတွေသုံးစွဲပြီးတော့ ဒရုန်းဝယ်ယူသွားပါမယ်။ တဦးတည်း အလှူရှင်ပေါ်တယ်ဆိုရင်တော့ ဒီငွေတွေအားလုံးကို ကျနော်တို့အဖွဲ့လုံးဝမသုံးစွဲဘဲနဲ့ ပြည်သူတွေကို ပြန်လည်ပေးအပ်သွားမှာပါ။” လို့ ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတဝန်း အရေးပေါ်အခြေအနေကာလကို သက်တမ်း ၆လ တိုးတယ်လို့ ကြေညာခဲ့ပါတယ်။
ဒီသက်တမ်းတိုးမှုမတိုင်ခင် အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလဆန်းမှာ နိုင်ငံတော်အာဏာကို ၁ နှစ်ထိန်းသိမ်းပြီး ရွေးကောက်ပွဲကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်ကပြောဆိုခဲ့ပေမယ့် လက်ရှိအချိန်အထိ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ဘဲ နောက်ထပ်သက်တမ်း ၆လထပ်တိုးခဲ့တာပါ။
စစ်ခေါင်းဆောင်က ၂၀၀၈ ဖွဲ့စည်းပုံအရ သက်တမ်းတိုးတာလို့ ကြေညာချက်မှာဖော်ပြခဲ့ပေမယ့် တကယ်တမ်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ညီညွတ်မှုမရှိတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ထားပါတယ်။
ဒီအခြေအနေတွေမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဘက်က ရွေးချယ်စရာလမ်းမရှိတဲ့အတွက် တိုက်ပွဲဝင်ဖို့ နည်းလမ်းကိုသာ ရွေးချယ်ကြတာလို့ စစ်ကိုင်းနယ်ခံနိုင်ငံရေးသမား ကိုစိုးဝင်းဆွေက သုံးသပ်ပါတယ်။
"နိုင်ငံရေးအရ ဘာမှအမြတ်မထွက်လို့ လုပ်မိလုပ်ရာလုပ်ပြီးတော့ ပိုမိုရက်စက်ကြမ်းကြုတ်တဲ့ နည်းနာတွေကို ပိုမိုအသုံးပြုလာတယ်လို့ပဲမြင်ပါတယ်။ ၆ လ ၂ ကြိမ်နဲ့ ၁ နှစ် ၁ကြိမ် အရေးပေါ်ကာလ ၂ နှစ်အတောအတွင်းမှာ မအောင်မြင်တဲ့ အရေးပေါ်ကာလ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေးကိုပဲ သူကြုံလိုက်ရတယ်ပေါ့။ လက်နက်အားကိုးပြီး အနိုင်ကျင့်ဖိနှိပ်သတ်ဖြတ်တာတွေပဲ အရာထင်ခဲ့တယ်။ နိုင်ငံရေးအရ ကောင်းမွန်တဲ့အရွေ့တခုကို မဖော်ဆောင်နိုင်ဘူး။ တိုင်းပြည်ကို နိုင်ငံရေးနည်းအရ မထိန်းသိမ်းနိုင်ဘူးဆိုတာကို ပြီးခဲ့တဲ့ကာလုံအစည်းအဝေးက သက်သေပြလိုက်တာပဲဗျ။"
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ နယ်မြေထိန်းချုပ်ရေးတွေပိုလုပ်နိုင်ဖို့ ဖေဖော်ဝါရီ ၂ ရက်နေ့က တိုင်းနဲ့ပြည်နယ် ၈ ခုက မြို့နယ် ၃၇မြို့ နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်တွေထဲက ၂၄ မြို့နယ်မှာ ညမထွက်ရအမိန့်နဲ့ လူ ၅ ယောက်ထပ်ပိုမစုရဆိုတဲ့ အမိန့်တွေကိုပါ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ တိုးမြှင့်လုပ်ဆောင်လာသလို PDF တွေဘက်ကလည်း စခန်းသိမ်းတိုက်ပွဲတွေနဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပါတယ်။