DVB Logo
Home
မြန်မာသတင်း
‌စစ်တပ်ကအရပ်သားများကိုဖမ်းဆီးပြီး PDF ဟု လိမ်ညာစာရင်းတင်နေဟု PDF ခေါင်းဆောင်များပြော
DVB
·
January 28, 2023
‌စစ်တပ်ကအရပ်သားများကိုဖမ်းဆီးပြီး PDF ဟု လိမ်ညာစာရင်းတင်နေဟု PDF ခေါင်းဆောင်များပြော
Donate to DVB

စစ်ကောင်စီအောက်ခြေတပ်တွေဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး တော်လှန်ရေးသမားတွေအဖြစ် စစ်ခေါင်းဆောင်ကို စာရင်းလိမ်တင်နေတာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေးမှတ်တမ်းအရ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ချင်းပြည်နယ်တို့မှာ အာဏာစသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့ အမှုစုစုပေါင်း ၄၉၃၉ မှုရှိခဲ့ပြီး၊ ဖမ်းဆီးအရေးယူခံရသူ စုစုပေါင်း ၅၈၈၅ ယောက် အထိရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးမှာ စစ်ကိုင်းတိုင်း လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ဒီဇင်ဘာ ၂၀ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့အမှုပေါင်း ၂၃၈၆ မှုရှိခဲ့ပြီး အမျိုးသား ၃၉၆၃ ယောက် အမျိုးသမီး ၂၈၉ ယောက်၊ စုစုပေါင်း ၄၂၄၈  ယောက်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက  စိန်ပြောင်း/လောင်ချာ၊ စက်သေနတ်/မောင်းပြန်ရိုင်ဖယ်၊ ပစ္စတို၊ ပြောင်းချော၊ တူမီး/လက်လုပ်စိန်ပြောင်း/လက်လုပ်သေနတ်/လေ/ဂက်(စ)သေနတ် စုစုပေါင်း ၂၀၄၄ လက် သိမ်းဆည်းခဲ့တယ်လို့လည်း အစည်းအဝေးမှတ်တမ်းမှာဖော်ပြထားပါတယ်။ 

ခင်ဦး Special Force Organization- KSO ရဲ့ တာဝန်ရှိသူတယောက်က "မြေပြင်မှာ တကယ်ဖြစ်နေတာက သူတို့ဖမ်းတဲ့အထဲမှာ ကျနော်တို့လိုကာကွယ်ရေး PDF တွေ ဖမ်းမိတာနည်းတယ်။ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းတွေဝင်ပြီဆိုရင် မထွက်ပြေးနိုင်တဲ့စစ်ရှောင်တွေကိုဖမ်းပြီးတော့ လက်နက်တွေကို အရှေ့မှာချပြီးတော့ အကြမ်းဖက် PDF တွေမိတယ် ဆိုပြီး သူတို့အထက်ကိုတင်တယ်။ လိမ်ညာပြီးတော့တင်တယ်။ နောက်ပြီးတော့ မြို့ပေါ်ကအစပေါ့နော်၊ သွားလာတာတွေစုံစမ်းစစ်ဆေးပြီးတော့ ဖမ်းဆီးတာတွေများတယ်။ ကျနော်တို့ ကာကွယ်ရေး PDF တွေကို ဖမ်းမိတာက ရာဂဏန်းတောင်ပြည့်မှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဘာမှမသိတဲ့ စစ်ရှောင်တွေ ပြည်သူတွေကို မတရားခေါင်းစဉ်တပ်ပြီးတော့ ဖမ်းတဲ့အပေါ်မှာ ကန့်ကွက်ရှုတ်ချတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီ အစည်းအဝေးမှတ်တမ်းမှာ အနောက်မြောက်တိုင်းစစ်ဒေသ မကွေးတိုင်း လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းရဲ့ ပြောဆိုချက်အရ မကွေးတိုင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့အမှုပေါင်း ၁၄၂၇ မှုရှိခဲ့ပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၅၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။ PDF တွေဆီက လက်နက်မျိုးစုံ ၅၆၅ လက်၊ ခဲယမ်း ၅၀၀၀ ကျော်၊ မိုင်းမျိုးစုံ ၁၀၀၀ ကျော် သိမ်းဆည်းခဲ့တယ်လို့လည်းဆိုပါတယ်။ 

မကွေးဒေသခံ CDM ကျောင်းဆရာတယောက်က "ဒလန်တွေပေါ့ဗျာ။ ဒလန်တွေ သတင်းပေးသမျှ ရသမျှတွေထဲကနေ ရဲဘော်လည်း ဟုတ်ချင်မှဟုတ်မယ်။ ပြည်သူလည်းဟုတ်ချင်ဟုတ်မယ်။ ဟုတ်ချင်မှလည်းဟုတ်မယ်။ သူတို့တွေ့ရာမြင်ရာ မထင်ရင်မထင်သလို ဖမ်းသွားတာပဲ။ အကုန်လုံးက ကျနော်တို့ရဲဘော်တွေချည်းပဲဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ” လို့ ပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဒေသ မန္တလေးတိုင်း လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းကတော့ မန္တလေးတိုင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့အမှုပေါင်း ၉၈၁ မှုအထိရှိခဲ့ပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈၀၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက ဗိုလ်ဇီးရိုးက "တွေ့တဲ့လူကိုသူတို့က ဥပမာ ရဲစခန်းတွေမှာဆို တလကို အမှုဘယ်လောက် ပို့ရမယ်ဆိုတာ ဒါမျိုးစနစ်တွေရှိတာပေါ့။ အဲအချိန်မှာ အောက်က လိမ်ဖို့အတွက် မဟုတ်လည်းဖမ်းတယ်။ သူတို့ရဲ့ လိမ်ညာမှုတွေပေါ့။ အထက်ကိုလိမ်ဖို့အတွက် တခါတလေဘာမှမဟုတ်ပဲလည်း စတေးခံရတာရှိတယ်။ ဟိုတခေါက်က အသက်မပြည့်သေးတဲ့ ကလေးလေးတွေကို PDF ဆိုပြီးတော့ လိုင်းပေါ်မှာ တက်လာတာ၊ ရိုက်နှက်တာတွေ၊ ကလေးမလေးဆိုအင်မတန်ငယ်ပါတယ် ၁၂၊ ၁၃ လောက်၊ ဒါမျိုးတွေ တွေ့ရတယ်ပေါ့။ ကျနော်တို့မန္တလေးတိုင်းထဲမှာလည်း အဲလောက်ကြီးမရှိဘူးပေါ့။ သူတို့က အရှက်မရှိ လိမ်ညာပြီးတော့ သတင်းတွေဖြန့်တာမျိုးလည်းရှိတယ်ပေါ့။ အကြမ်းဖက်တာသူတို့လား ကျနော်တို့လားဆိုတာ အားလုံးသဲသဲကွဲကွဲသိကြပါတယ်ဗျ" လို့ ပြောပါတယ်။

အစည်းအဝေးမှတ်တမ်းမှာ ချင်းပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးဉာဏ်ဝင်းရဲ့ ပြောဆိုချက်အရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခု ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ချင်းပြည်နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့အမှုပေါင်း ၁၄၅ မှု ရှိခဲ့ပြီး အမျိုးသား ၆၈ ယောက်၊ အမျိုးသမီး ၆ ယောက် စုစုပေါင်း ၇၄ ယောက်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013