Home
ဆောင်းပါး
လွတ်လပ်ရေးနေ့
DVB
·
January 16, 2023

ဒီနေ့တော့ မောင်တိုးလေးတယောက် အအိပ်အစား ပြန်မှန်လာသည်။ မနက်စာ၊ နေ့လယ်စာ၊ ညစာ သုံးနပ်စလုံး စားသည်။‌ သေချာစားသည်။ ဂိမ်းကိုလည်း အရင်ရက်တွေကလို အကြာကြီး မကစားဖြစ်။ ပြီးတော့ ချောင်တနေရာမှာ ခါတိုင်းလို ကပ်၍ မှိုင်တွေငေးနေတာမျိုးလည်း မတွေ့ရ။ အိမ်ကဆွေမျိုးများနှင့်လည်း အရင်ကထက်စာလျှင် ထက်သန်စွာ စကားပြောသည်။ ဘာကြောင့်ပါလိမ့်။

မနက်ဖြန်ဆို လွတ်လပ်ရေးနေ့ ရောက်တော့မည်လေ။ ဇန်နဝါရီ ၄ ရက် ရောက်တော့မည်။ အိမ်ကလူကြီးများ၏ ပြောကြားချက်အရ မနက်ဖြန် လွတ်လပ်ရေးနေ့မှာ ထောင်ကျနေသူတွေ ပြန်လွတ်လာမည်တဲ့။ အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဥ်းသားတွေလည်း ပါမှာတဲ့။ ဒါဆို မောင်တိုးလေး၏ မိဘတွေလည်း ပြန်လွတ်နိုင်ခြေရှိသည် မဟုတ်ပါလား။ မိဘတွေနှင့် ပြန်ဆုံရတော့မည်။

တကယ်တော့ မောင်တိုးလေးတယောက် သူ့မိဘတွေနဲ့ ခွဲခွာနေရသည်မှာ တနှစ်နီးပါးပင် ရှိတော့မည်။ မိမိရှေ့တွင်ပင် မိဘတွေကို အဝတ်မည်းအုပ် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင် သွားကတည်းက မောင်တိုးလေးတယောက် သူ့မိဘတွေနှင့် နောက်ထပ် မတွေ့ရသေးပါ။ အဲ့သည်ကတည်းက သူ့မိဘတွေ၏ မျက်နှာကို တခါမှ မမြင်ခဲ့ရတော့။ ထောင်ဝင်စာဆိုလား၊ အိမ်ကလူကြီးတွေက စီစဥ်ကြသေးသည်။ သို့တိုင် ဖေဖေနှင့်‌မေမေတို့ကို မောင်တိုးလေး မတွေ့ရပါ။ အိမ်ကလူကြီးတွေကတော့ ဖေဖေနှင့်မေမေတို့ ထောင်ထဲမှာ နေကောင်း ကျန်းမာသည်၊ အဆင်ပြေကြသည်တဲ့။ လူချင်း မျက်နှာချင်းဆိုင် မတွေ့ရပေမယ့် လိုအပ်မည့် ပစ္စည်းလေးတွေတော့ ပို့ပေးလို့ရသည်တဲ့။ မောင်တိုးလေး ဒါပဲသိသည်။ အိမ်ကလူကြီးတွေကလည်း မောင်တိုးလေးကို ဒါပဲ အသိ​ပေးသည်။ ကျန်တာ ဘာမှမသိရတော့။ မောင်တိုးလေးလည်း အချိန်ကုန်ခံကာ မေးမနေတော့ပါလေ။ ဖေနှင့်မေတို့ ပြန်လာမည့်ရက်ကိုသာ ကိုယ့်ဘာသာကိုယ် လက်ချိုးရေတွက်ရင်း နေ့ရှိသရွေ့ စောင့်နေခဲ့ပါတော့သည်။

ဟော...... အခုတော့ ဖေနှင့်မေတို့ကို ပြန်တွေ့ရတော့မည်ဆိုပဲ။ ပြန်လွတ်လာတော့မည် ဆိုပဲ။ မနက်ဖြန်မနက်တွင် ကြီးကြီးတို့နှင့်အတူ ထောင်ပေါက်ဝရှေ့ကို သွားကြမည်။ အဲ့ရှေ့တွင် ထောင်ကပြန်လွတ်လာမည့် ဖေနှင့်မေကို မျှော်ကြမည်။ ကြီးကြီးကတော့ ပြောသည်။ ဒီည စောစောအိပ်ပါတဲ့။ အရင်ညတွေကလို ညဉ့်နက်မှ မအိပ်နဲ့တဲ့။ အိပ်ရေးဝမှသာ မနက် ဖေနှင့်မေကိုတွေ့ရင် မျက်နှာလေးက ကြည်လင်နေပါလိမ့်မယ်တဲ့။ အင်း.. ဟုတ်တော့ ဟုတ်သား။ ဒီတခါတော့ ကြီးကြီးစကားကို နားထောင်ကာ စောစောအိပ်လိုက်ပါမည်။ ဟုတ်ပါသည်။ ဖေနှင့်မေတို့နှင့် ခွဲရကတည်းက ဘာကြောင့်မှန်းမသိ။ အမြဲတမ်း နောက်ကျမှ အိပ်လေ့ရှိသည့် မောင်တိုးလေးတယောက် ဒီညတော့ စောစောအိပ်လိုက်ပါတော့သည်။ မနက်ကျရင် တနှစ်နီးပါး နေ့စဥ်မပျက် လွမ်းဆွတ်စောင့်ဆိုင်းခဲ့ရသည့် ဖေနှင့်မေတို့နှင့် ပြန်တွေ့ရတော့မည် မဟုတ်ပါလားလေ။

လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်နေ့သို့ ရောက်လာပါပြီ။ နံနက် ၁၀ နာရီလောက်ကတည်းက ထောင်ပေါက်ဝကိုသွားဖို့ မောင်တိုးလေးတယောက် ဖင်တကြွကြွဖြစ်နေပြီ။ မွန်းလွဲလောက်မှ သွားဖို့ အိမ်ကလူကြီးတွေက စီစဥ်ထားတာကိုပင် မောင်တိုးလေး မကျေနပ်သလိုပင်။ “ဟဲ့ ကောင်လေး ထောင်က ဘယ်မှမရွှေ့ဘူး။ နောက်ပြီး ဒီအချိန်အစောကြီးလည်း ဘယ်သူမှ မလွှတ်သေးဘူး။” “ကြီးကြီးကလည်း မလွှတ်‌တော့လည်း အပေါက်ဝကနေ ထိုင်စောင့်မှာပေါ့ဗျာ။”

ဒီလို မောင်တိုးလေး၏ နားပူနာဆာလုပ်မှုကြောင့် နံနက် ၁၁ ခွဲလောက်တွင် အိမ်မှ စောကာ ထွက်ခဲ့ကြပါသည်။ ဟိုရောက်တော့ ထောင်အနီးနားတဝိုက် ဘာအခြေအနေမှ မထူးသေးပါ။ အရိပ်ရမည့် နေရာတခုကိုရွေးကာ သူတို့ ထိုင်လိုက်ကြသည်။ ကြီးကြီးကတော့ ပြောသည်။ နောက်ထပ် တနာရီလောက် စောင့်ရဦးမယ်လို့ သူထင်သတဲ့။ ဘာပဲဖြစ်ဖြစ် ဖေနဲ့မေကို တွေ့ရမည်ဆိုလျှင်တော့ မောင်တိုးလေး ဒီလောက်တော့ စောင့်နိုင်ပါသည်။ ဘာဖြစ်လဲ နေပူချင် ပူပလေ့စေပေါ့။ အတန်ကြာတော့ ထောင်တံခါးပွင့်လာကာ ထောင်ဝန်ထမ်းဆိုသူတွေကို ဟိုဒီအနှံ့ တွေ့မြင်လာရသည်။ မောင်တိုးလေးတို့လို လာစောင့်သူတွေလည်း တဖွဲဖွဲ ရောက်လာကြသည်။ အထဲကလူတွေ ထွက်လာကြတော့မယ်တဲ့။ ဘယ်သူတွေတော့ ပါလာမယ် ထင်ရတာပဲတဲ့။ မောင်တိုးလေးဘေးနားက လူအုပ်ကြီးဆီက ထွက်ပေါ်လာသည့် အသံများ ဖြစ်သည်။ မကြာလိုက်ပါ။ အကျဥ်းထောင်တံခါးမှတဆင့် အကျဥ်းသားများ စီရရီ ထွက်လာကြသည်။

ဘယ်သူတော့ပါလာသည်၊ ဘယ်သူတော့ မတွေ့သေးဘူး ဆိုသည့် လူအုပ်ကြီး၏ ပြောဆိုသံများမှာ စာမေးပွဲအောင်စာရင်း ကြည့်ရသလိုပင်။ ပြန်လွတ်လာသူများကလည်း သူ့မိသားစုနှင့် ပြန်လည်ဆုံတွေ့သည်နှင့် တပြိုင်နက် ပွေ့ဖက်ကြ၊ ဝမ်းသာမျက်ရည် ကျကြသည်။ မည်မျှ ပျော်ရွှင်စရာ ကောင်းပါသနည်း။ မောင်တိုးလေးလည်း ဖေနှင့်မေတို့ကို တွေ့တာနဲ့ အစွမ်းကုန် ဖက်ပစ်လိုက်မည်။ အနမ်းတွေ ပေးပစ်လိုက်မည်။

အကျဥ်းသားများကို ဆယ်ယောက်တသုတ်ဆီလောက် အချိန်အတန်ငယ်ခြားကာ ပြန်လွှတ်ပေး‌နေခြင်းဖြစ်သည်။ တသုတ်ပြီးတသုတ်၊ တဖွဲ့ပြီးတဖွဲ့။ ရှာကြ၊ မျှော်ကြ၊ ပွေ့ကြ၊ ဖက်ကြ၊ ပျော်ကြနှင့်။ နေ့လယ်ခင်းတောင် ရောက်ရှိလို့လာပြီ။ ဒါ‌ပေမဲ့ မောင်တိုးလေးတယောက် ဗိုက်လည်းမဆာ၊ ရေလည်းမဆာသေးပါ။ ဖေနှင့်မေတို့ ဘယ်မှာလဲ၊ ဘယ်အသုတ်မှာပါမလဲ ဆိုတာကိုသာ အာရုံစိုက်ကြည့်နေရသည်။ ဂိမ်းနှိပ်သလို မျက်စိရှင်ရှင် ထားပြီး ဖေနှင့်မေကို ရှာကြည့်နေသည်။ လူတွေ တယောက်ပြီးတယောက်သာ ထွက်လာသည်။ ဖေနှင့်မေမှာ ယခုတိုင် ပါမလာသေး။ ကြီးကြီးကို မေးကြည့်ရဦးမည်။ ကြီးကြီးကတော့ ပြောသည်။ ပါလာမှာပါတဲ့။စောင့်ကြည့်ပါဦးတဲ့။

သို့တိုင် ကြီးကြီးမျက်နှာက မနက်တုန်းကလို မရွှင်ပြ။ နေပူလို့ဖြစ်မှာပါလေ။ ၂ နာရီခွဲ ၃ နာရီ ရောက်တော့မည်။

မောင်တိုးလေးတယောက် သံသယတွေဝင်လာသည်။ ဖေနှင့်မေတို့ကို လွှတ်မှာဟုတ်လို့လား။ အကျဥ်းသားတွေတောင် ကုန်တော့မည်။ ယခုအထိ ဘာအရိပ်ယောင်မှ မတွေ့ရ။ တအောင့်လောက်ကြာတော့ ကြီးကြီးကို လှမ်းမေးကြည့်လိုက်ပြန်သည်။ ကြီးကြီးအသံက သိပ်အားမပါသလို။ နာရီဝက်လောက်တော့ စောင့်ကြည့်ပါဦး သားငယ်လေးရယ်တဲ့။

မတတ်နိုင်။ မောင်တိုးလေးတယောက် ထပ်စောင့်၊ ထပ်မျှော်ရုံကလွဲလို့ ဘာမှမတတ်နိုင်။ ထောင်ဝင်းထဲပြေးဝင်ကာ ဖေနဲ့မေကို ဆွဲထုတ်ခဲ့လို့လည်းမရ။

ဒီလိုနဲ့ ထောင်ပေါက်မှထွက်လာသည့် အကျဉ်းသားတွေကို အလစ်မပေးဘဲ ကြည့်နေရတော့ပါသည်။ တချို့က အင်္ကျီအဖြူ၊ တချို့က ရိုးရိုးအကွက်၊ တချို့က ခေါင်းတုံးဆံပင်ပေါက်။ သူတို့အသုတ် တယောက်ပြီးတယောက် ထွက်လာသည်။ ဒီတကြိမ်မှာတော့ အရင်အသုတ်တွေလိုမဟုတ်။ မောင်တိုးလေးအဖို့ ထူးဆန်းသည်။ ဒီတကြိမ် အကျဥ်းသားအသုတ်ပြီးတာနှင့် ထောင်တံခါးဝကြီးကို ယူနီဖောင်းဝတ်စုံ ဝတ်ထားသူတွေက ပိတ်ချလိုက်လေသောကြောင့် ဖြစ်သည်။

မောင်တိုးလေးမှာ ဝမ်းလည်းနည်းလာသလို ကပျာကယာနှင့် ကြီးကြီးကို လှမ်းမေးလိုက်သည်။

“ကြီးကြီး… ထောင်တံခါးကြီးပိတ်သွားပြီ။ ဖေနဲ့မေလည်း ထွက်မလာရသေးဘူး​လေ။”

ကြီးကြီးမှာ အားတင်းရင်း

“အေး.. သားလေး ဒီတကြိမ်လွှတ်တာ ဒါအကုန်ပဲတဲ့။ နောက်တခါမှ ဖေနဲ့မေက ပါလာမှာတဲ့။”

“ဟင်.... နောက်တခါမှတဲ့လား။ နောက်တခါဆိုတာ ဘယ်တော့မှလဲဟင် ကြီးကြီး။”

နွေဦးဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024