DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်ဆောင်ရွက်သွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
January 13, 2023
မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်ဆောင်ရွက်သွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံက ပဋိပက္ခတွေကို အာဆီယံအဖွဲ့အနေနဲ့ ဦးဆောင်ဖြေရှင်းနိုင်ရေး ရည်ရွယ်ပြီး အသစ်ဖွင့်လှစ်သွားမယ့် မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးမှာ သူကိုယ်တိုင် ဦးဆောင်သွားမှာဖြစ်တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

အင်ဒိုနီးရှားဟာ အခုနှစ်မှာ  အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ  တာဝန်ယူထားတာဖြစ်ပြီး အာဆီယံရဲ့ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်  အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက တာဝန်ယူမှာဖြစ်ပါတယ်။ 

အာဆီယံအထူးကိုယ်စားလှယ်ရုံးရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ ပြဿနာရဲ့ အကျိုးဆက်တွေကို ဖော်ထုတ်ဆွေးနွေးဖို့ နိုင်ငံအဆင့်ဆွေးနွေးမှု အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတဲ့ မြန်မာစစ်တပ်အနေနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ကို မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပို့ဆောင်ခွင့်ပြုဖို့ အင်ဒိုနီးရှားက တောင်းဆိုတယ်လို့ ရတ်နိုမာဆူဒီက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေ ပြေလည်စေရေးအတွက် အင်ဒိုနီးရှားက အစွမ်းကုန် ကြိုးစားကူညီသွားမှာ ဖြစ်ကြောင်းနဲ့ အင်ဒိုနီးရှားရဲ့ လုပ်ဆောင်ချက်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖနွမ်းပင်မှာ အာဆီယံခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ရော အဲဒီမတိုင်မီတည်းက ချမှတ်ထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပါ ကိုက်ညီမှု ရှိတယ်လို့ သူကပြောပါတယ်။

မြန်မာစစ်တပ်က အာဆီယံ သဘောတူညီချက် ၅ ရပ်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် အာဆီယံအဖွဲ့က စိတ်ပျက်ခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့လည်း အာဆီယံက ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာတွေဟာ အာဆီယံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်သွားအောင် တားဆီးနိုင်မှာ မဟုတ်ဘူးလို့လည်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်လို့ ဂျပန်နိုင်ငံအခြေစိုက် နစ်ကီအေးရှားသတင်းမှာ ဖော်ပြပါတယ်။

ကာလရှည်ကြာဖြစ်ပွားနေတဲ့ မြန်မာ့နိုင်ငံရေးပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် အကောင်းဆုံးကြိုးစားသွားမှာဖြစ်ကြောင်းနဲ့ မြန်မာ့နိုင်ငံရေးပြဿနာဟာ အာဆီယံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနိုင်မှာ မဟုတ်ကြောင်း လည်း အင်ဒိုနီးရှားကပြောလိုက်ပါတယ်။

အရင်ဥက္ကဋ္ဌအလှည့်ကျနိုင်ငံတွေလိုပဲ အင်ဒိုနီးရှားဟာလည်း မြန်မာ့အရေးနဲ့ ပြေလည်စေဖို့အတွက် သဘောတူညီထားခဲ့ကြတဲ့ အချက် ၅ ချက်ကိုပဲ လမ်းညွှန်ချက်အဖြစ် ထားရှိ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးဆောင်ရွက်ရာမှာ သဘောတူညီချက် ၅ ချက်အပြင် အာဆီယံပဋိဉာဉ်စာတမ်းပါ ဥပဒေနဲ့လေးစားလိုက်နာရေး၊ မှန်ကန်ကောင်းမွန်စွာစီမံအုပ်ချုပ်ရေး၊ ဒီမိုကရေစီစနစ်နဲ့အညီ ဆောင်ရွက်ရေး၊ ချမှတ်ထားတဲ့ အခြေခံဥပဒေတွေကို လိုက်နာတဲ့ အစိုးရဖြစ်စေရေး အစရှိတဲ့ အချက်တွေနဲ့လည်း ကိုက်ညီအောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်အနိုင်ကျင့်ခံနေခဲ့ရတဲ့ ရိုဟင်ဂျာတွေနဲ့  ပတ်သက်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ သုံးလအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံကို ရောက်လာခဲ့တဲ့ ရိုဟင်ဂျာ ၆၄၄ ဦးရှိခဲ့ပြီး အင်ဒိုနီးရှားကို ရောက်လာခဲ့တဲ့ ရွှေ့ပြောင်းဒုက္ခသည်အရေအတွက် စုစုပေါင်း ၁၅၀၀ ရှိပြီလို့ ပြောပါတယ်။ 

“လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့ ပိုမိုခက်ခဲစေပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသရွေ့ကတော့ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းနိုင်ဦးမှာ မဟုတ်ပါဘူး” လို့ ရတ်နိုမာဆူဒီက ပြောတဲ့အကြောင်း Jakarta Globe သတင်းမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံအရေးပြောကြားချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၂ ရက်မှာ သတင်းထုတ်ပြန်လိုက်ပြီး အာဆီယံ အခြေခံမူတွေကိုလိုက်နာဖို့ ပြည်တွင်းရေးဝင်မစွက်ဖို့  သတိပေး တိုက်တွန်းလိုက်ပါတယ်။

အာဆီယံဟာ စည်းမျဉ်းကိုအခြေခံတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့ အညီ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်တွေနဲ့ အာဆီယံအခြေခံမူတွေနဲ့အညီ တိတိကျကျလေးစားလိုက်နာဖို့လိုအပ်ပြီး စစ်ကောင်စီ ကြေညာထားတဲ့ ဘယ်ကြမ်းဖက်အဖွဲ့ မတရားအသင်းနဲ့မှ ထိတွေ့ဆက်ဆံတာမလုပ်ဖို့ လိုအပ်ကြောင်း  ထပ်လောင်းသတိပေးတိုက်တွန်းတယ်လို့လည်း စစ်ကောင်စီက ပြန်လည်တုံ့ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013