DVB Logo
Home
မြန်မာသတင်း
၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမား ၄၆၀၀၀ ကျော် တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရ
DVB
·
January 2, 2023
၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမား  ၄၆၀၀၀ ကျော် တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ စားဝတ်နေရေး လုံခြုံရေး အခက်အခဲတွေကြောင့် နိုင်ငံသားအမြောက်အမြား အိမ်နီးချင်းထိုင်းနိုင်ငံထဲ ဝင် ရောက်လုပ်ကိုင်နေကြရာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ဥပဒေနဲ့မညီလို့ အဖမ်းခံရသူပေါင်း ၄၆၀၀၀ ကျော်ရှိခဲ့တယ်လို့ ထိုင်းအခြေစိုက်အလုပ်သမားအရေးလှုပ်ရှားတဲ့အဖွဲ့ထံကသိရပါတယ်။ 

ထိုင်းတော်ဝင်တပ်မတော်၊ နယ်ခြားစောင့်တပ်နဲ့ လဝကရဲတပ်ဖွဲ့တွေရဲ့ အခါအား လျော်စွာ ထုတ်ပြန်တဲ့သတင်းတွေ စုစည်းချက်အရ ၂၀၂၂ ဇန်နဝါရီ ကနေ  ဒီဇင်ဘာလကုန်ထိ ၁ နှစ်ထဲမှာ  တရားမဝင် ဝင်ရောက်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ပေါင်း ၄၆၄၀၀ ဦးရှိတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

အဖမ်းခံရတဲ့လမ်းကြောင်းတွေထဲမှာ အများဆုံးက မွန်ပြည်နယ်နယ်စပ် ကန်ကျနပူရီခရိုင်၊ ကရင်ပြည်နယ်စပ် တာ့ခ်ခရိုင်၊ တနင်္သာရီနယ်စပ် ပရကျူပ်ခီရီခန်၊ ချွန်းဖွန်း၊  ရနောင်း၊ ရှမ်းပြည်နယ်စပ် မယ်ဟောင်ဆောင်၊ ချင်းရိုင်းနဲ့ ထိုင်းအတွင်းပိုင်း အယုဒ္ဓယ၊ ကမ်ဖိုင်ဖစ်၊ ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ်တွေမှာလည်း အဖမ်းခံရတာဖြစ်ပါတယ်။ 

တရားမဝင် ဝင်ရောက်လာသူတွေကို ခေါ်ဆောင်လာတဲ့ ပွဲစားနဲ့ လမ်းပြ ထိုင်းနိုင်ငံသားရော  မြန်မာနိုင်ငံသားပါ စုစုပေါင်း ၂၁၇ ဦး ဖမ်းဆီးအရေးယူခံခဲ့ရသလို လူကုန်ကူးမှု၊ တာဝန်အလွှဲသုံးစားမှုနဲ့ ရဲဝန်ထမ်းပေါင်း ၈၃ ဦး ခုံရုံးတင်စစ်ဆေးခြင်းခံနေရတယ်လို့ဆိုပါတယ်။ 

တရားမဝင် ဝင်ရောက်လာစဉ် မတော်တဆထိခိုက်မှုတွေနဲ့ ကြုံရပြီး ထိခိုက် ဒဏ်ရာ ရတာတွေလည်းရှိကြောင်း ၊ အများအားဖြင့် စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြေးကွေ့ရှောင်ပြီး ယာဉ်တိမ်းမှောက်တာဖြစ်ကြောင်း ၊ အဆိုပါမတော်တဆမှုတွေကနေ တစ်နှစ်အတွင်း သေဆုံး သူ ၁၆ ဦးရှိပြီး ဒဏ်ရာရသူ ၁၅၃ ဦးရှိတယ်လို့  မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) တာဝန်ရှိသူက ပြောပါတယ်။ 

ထိုင်းနိုင်ငံထဲဝင်ရောက်ပြီး လူသတ်မှု ၊ လုယက်မှု ၊ ဓားပြမှုနဲ့ မုဒိမ်းမှုတွေ ကျူးလွန်တဲ့ မြန်မာနိုင်ငံသားတွေလည်းရှိကြောင်း ၊ ရနောင်းခရိုင်မှ အသက် ၈၀ ကျော်ရာဘာ ခြံပိုင်ရှင်အသတ်ခံရမှု နဲ့ ဆုန်ခလာခရိုင် တောထဲမှာ ထိုင်းလျှပ်စစ်ဝန်ထမ်း ၁ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ဆက်နွှယ်ပြီး မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။ 

ဒီနှစ်ထဲ တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ် ရွှေဆိုင်လုယက်မှုမှာ မြန်မာနိုင်ငံသား ၆ ဦး ပါဝင်ပတ်သက်ပြီး တာ့ခ်မြို့ ရွှေဆိုင်ဓားပြတိုက်မှုမှာ မြန်မာ ၂ ဦးပါဝင်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံသားအချင်းချင်းကြား ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှု ၃၅ မှုရှိပြီး ၄ မှုမှာ အထ မြောက်ကြောင်း၊ ကြံစည်မှုမှာ ၃၁ မှုရှိတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်မှုအပြင် တခြားသော ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံ သားတွေကို ဥပဒေအရအရေးယူပြီး မြန်မာပြည်ပြန်ပို့နေရာမှာ ၂၀၂၂ ဇန်နဝါရီလမှ ဒီဇင် ဘာလအတွင်း ပြန်ပို့ခံရသူ ၆၀၀၀၀ နီးပါးရှိပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်က တရားဝင်အလုပ်သမားပေါင်း ၁ သိန်းခွဲအလိုရှိတယ်လို့ တရားဝင်ကြေညာထားပြီး  နှစ်နိုင်ငံသဘောတူချက်စာချုပ်  အမ်အိုယူ လမ်းကြောင်းကနေ ဝင်ရောက်လာသူမှာ ၂၀၂၂ မေလကနေ ဒီဇင်ဘာလထိ ၉၀၀၀၀ ကျော် ဝင်ရောက်လာပြီး တချို့က စာချုပ်ပါအချက်အလက်နဲ့ မကိုက်ညီတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေ ကြုံနေရ ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013