
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာမှာ စစ်ကောင်စီတပ်က ရွာသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၆ ရက်က လောင်းပြည့်ကျေးရွာကို ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ရွာသား ၅၀ ထက်မနည်းကို ဖမ်းဆီးကာ ဒေသခံ ၃ ယောက်ကိုလည်း ရဟတ်ယာဥ်နဲ့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို လောင်းပြည့်ကျေးရွာဘုန်းကြီးကျောင်းမှာ ခေါ်ဆောင်ထားပြီး သြဂုတ် ၆ ရက် နေ့လယ်ပိုင်းကနေ အခုချိန်ထိ အစာမကျွေးဘဲ ရေသာသောက်ခိုင်းထားကာ တောတွေထဲမှာ ရှိတဲ့ PDF အဖွဲ့တွေကို လက်နက်ချဖို့ စစ်ကောင်စီတပ်ဖွဲ့က ပြောဆိုကြောင်းနဲ့ လက်နက်ချရင် လက်ရှိ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီတပ်ဖွဲ့က ပြောကြောင်း ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ သြဂုတ် ၇ ရက် မနက်ပိုင်းကစပြီး တောနင်းရှာဖွေနေတာကြောင့် တောတောင်တွေထဲမှာ စစ်ရှောင်သူတွေလည်း ဦးတည်ရာမဲ့ ထပ်မံထွက်ပြေးနေကြရပါတယ်။
သြဂုတ် ၆ ရက်က လောင်းပြည့်ကျေးရွာကို ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာခဲ့ရာမှာ ဒေသခံတွေထဲက ထိခိုက်သေဆုံးဒဏ်ရာရသူ ရှိ၊မရှိ မသိသေးသလို လောင်းပြည့်ကျေးရွာက ထွက်မပြေးနိုင်သူတွေကို ဖမ်းဆီးကာ တပ်စွဲနေထိုင်နေပြီး တခြားနေရာတွေကိုပါ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံများ ထွက်ပြေးနေကြရပါတယ်။