Home
မြန်မာသတင်း
စစ်ကောင်စီ အင်အားနည်းလာ၊ CDM တပ်မတော်သား ၁ သောင်းနီးပါးရှိပြီဟု NUG ပြော
DVB
·
April 18, 2022
Mann Win Khaing Than

အာဏာသိမ်းစစ်ကောင်စီဟာ တနေ့တခြား အင်အားနည်းပါးလာပြီဖြစ်တာမို့ အခု ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ ကြီးမားတဲ့ အချိုးအကွေ့ အောင်မြင်မှုတခုကို မလွဲမသွေ ရောက်ရှိ လာတော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးကို တင်သွင်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း တနှစ်ပြည့် အစီရင်ခံစာမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစိုးရအနေနဲ့ အရင်ကထက် ပိုမိုအားစိုက်ပြီး ကြုံလာမယ့် အခွင့်အလမ်းကောင်းတွေကို အမိအရဆုပ်ကိုင်ကာ အခက်အခဲတွေကို ပြည်သူနဲ့အတူ ကျော်လွှားသွားကြဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက်က စတင်ဖွဲ့စည်းခဲ့တာမို့ အခုနှစ်မှာတော့ အစိုးရသက်တမ်း ၁ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

“ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) အရ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင်ဖွဲ့စည်းခဲ့တာ ဖြစ်သည့်အတွက် ယခုဆိုရင် တစ်နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်သည့် အားလျော်စွာ အမျိုးသား ညီညွတ်ရေးအစိုးရသည် သာမန်အစိုးရများနှင့်မတူ အခက်အခဲပေါင်းများစွာကို ပြည်သူနှင့်အတူ ရင်ဆိုင်ဖြတ်သန်းရင်း အောင်မြင်မှုတွေ ရရှိအောင်လည်း ကြိုးစားခဲ့ကြပါတယ်။ ပြည်သူ့အစိုးရနှင့် ပြည်သူတစ်ရပ်လုံးဟာ အကြမ်းဖက်စစ်ကောင်စီ၏ အမျိုးမျိုးသော ဖိနှိပ်သတ်ဖြတ်မှုများကို အတူတကွရင်ဆိုင်ကြရင်း သာမန်အချိန်ကာလမျိုးမှာ မရရှိနိုင်တဲ့ အင်မတန်နီးကပ်တဲ့ စာနာမှု၊ နားလည်မှု၊ အားပေးကူညီ ဖေးမမှုတွေနဲ့ ဖြတ်သန်းခဲ့ကြတာ သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။”

အစီရင်ခံစာထဲမှာတော့ NUG အစိုးရအဖွဲ့အနေနဲ့ စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး စတဲ့ တော်လှန်ရေး ထောက်တိုင်ကြီး ၅ ခုသတ်မှတ်ပြီး လေးလေးနက်နက် စီမံဆောင်ရွက်နေတာတွေကို တင်ပြထားပါတယ်။

လက်ရှိမှာတော့ တန်းတူညီမျှရေး၊ ဖက်ဒရယ်အရေးနဲ့ စစ်အာဏာရှင်နဲ့ လူမျိုးကြီးဝါဒ ဆန့်ကျင်ရေးတို့အတွက် နှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်နေကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အသစ်ပေါ် ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ လက်တွဲညီညီ ပူးပေါင်းနိုင်ကြပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်တွေကလည်း နိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို စိုးမိုးထားတာကြောင့် စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေဟာ တနိုင်ငံလုံးရဲ့ တဝက်စွန်းစွန်းသာ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။ 

အခက်အခဲတွေအနေနဲ့တော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် လက်နက်အပြည့်အစုံ တပ်ဆင်နိုင်ရေးဟာ စိန်ခေါ်မှုတရပ်အနေနဲ့ ရှိနေဆဲဖြစ်တဲ့အပြင် မြောက်မြားလှစွာသော LDF တွေနဲ့ စနစ်တကျ ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် စီမံတဲ့အခါမှာလည်း အခက်အခဲတွေကတော့ ရှိနေဆဲဖြစ်ကာ စစ်ရေးဆိုင်ရာ အခက်အခဲတွေ စိန်ခေါ်မှုတွေကို မဟာမိတ်အဖွဲ့တွေနဲ့ တက်ညီလက်ညီ ပူးပေါင်းကျော်ဖြတ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တဖက်မှာလည်း ပြည်သူ့ရင်ခွင်ကော်မတီကိုဖွဲ့စည်းကာ အကြမ်းဖက်စစ်ခေါင်းဆောင်တွေ လက်အောက်မှာ ဆက်လက်အမှုမထမ်းလို၊ ပြည်သူကို မသတ်ဖြတ်လိုတော့တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဘေးလွတ်ရာကို စီမံဆောင်ရွက်ပေးပြီး ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်နေကာ လက်ရှိမှာတော့ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၁ သောင်းနီးပါး ရှိနေပြီဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်မလာနိုင်ဘဲ အတွင်းထဲကနေ ချိတ်ဆက်တော်လှန်နေကြတဲ့သူတွေလည်း များစွာရှိနေတယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေအားလုံးကို နိုင်ငံတကာက အရေးယူနိုင်ရေးအတွက်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့အတူ ဆောင်ရွက်နေပြီး တခြားဆက်စပ်လုပ်ငန်းစဉ်ကြီးတွေဖြစ်တဲ့ စစ်ကောင်စီကို စီးပွားရေး ဒဏ်ခတ်အရေးယူနိုင်ရေး၊ ကိုဗစ်ကာကွယ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရယူနိုင်ရေး၊ တော်လှန်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေရှာဖွေရေးတွေကိုလည်း ဝန်ကြီးဌာနတွေအကြား နီးကပ်စွာပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ပြည်သူလူထုရဲ့ တော်လှန်ရေးအပေါ် ယုံကြည်စိတ်နဲ့ ကူညီထောက်ပံ့မှုတွေကြောင့် နွေဦးထီကစပြီး ငွေတိုက်စာချုပ်တွေ ရောင်းချတာတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေက အခွန်ငွေတွေ ပေးဆောင်တာတွေကြောင့် ဘဏ္ဍာငွေတွေ ဒေါ်လာသန်းချီပြီးတော့ တော်လှန်ရေးအတွက် ရရှိအသုံးပြုနိုင်ခဲ့ကြောင်းနဲ့ ပြည်သူ့ဘဏ္ဍာငွေဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ထားရှိတဲ့ အရန်ဘဏ္ဍာငွေ ဒေါ်လာ ၁ ဘီလီယံကို ပြည်သူလူထုအတွက် အသုံးပြုနိုင်ရေးကိုလည်း အားစိုက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

“နွေဦးတော်လှန်ရေးဟာ သမိုင်းတစ်လျှောက် တော်လှန်ရေးများနှင့် မတူတဲ့ ထူးခြားတဲ့ သမိုင်းဝင်တော်လှန်ရေးတစ်ရပ် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးသာမကဘဲ ပြည်သူ တစ်ရပ်လုံးက နိုင်ငံ သားအချင်းချင်း လူမျိုးဘာသာမရွေး စာနာနားလည်နေကြပြီး ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရန် အချိန်အခါ ရင့်မှည့်နေပြီဖြစ်ပါတယ်။ ဒီအချက်ကို အကြမ်းဖက် စစ်ကောင်စီကလည်း သိရှိပြီးဖြစ်တဲ့အတွက် နိုင်ငံတကာနှင့် အိမ်နီးချင်းများက မည်သို့ပင် စောင့်ကြည့်နေစေကာမူ အကြမ်းဖက်မှုများကို အတိုင်းအဆမရှိ လူမဆန်စွာ ကျူးလွန်နေတာ ဖြစ်ပါတယ်။ ၎င်းတို့အနေနှင့် ပြန်လမ်းမရှိသည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်ကာ ပြည်သူ လူထု၏ ၎င်းတို့အပေါ်ဖြစ်တည်နေသည့် အမုန်းတရားများကို အကြမ်းဖက်မှုများ၊အကြောက်တရား တို့နှင့် ဖိနှိပ်ရန်သာ ထွက်ပေါက်ရှာနေပြီဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုကိုပါ အသိပေးလိုတာက စစ်ကောင်စီ၏ ဆတိုးအကြမ်းဖက်မှုများဟာ ကျနော်တို့ အားလုံးကို အပြင်းအထန် ထိခိုက် နေပေမယ့်လည်း ၎င်းတို့၏ အကြမ်းဖက်မှုတိုင်းဟာ စစ်အာဏာရှင်တို့ကိုယ်တိုင် ၎င်းတို့ အသက်ရှင် ရပ်တည်ရေး ဒေါက်တိုင်များကို တစ်ခုချင်း ဖြိုချနေကြတာဖြစ်ပြီး အဆုံးမှာ မလွဲမသွေ ပြိုကျ ပျက်စီးသွားမှာဖြစ်ပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024