စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ သာယာကုန်းကျေးရွာက ဘုန်းတော်ကြီးကျောင်းက ဓမ္မာရုံပေါ် နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ရှောင် ၇ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ မနက်ပိုင်း သာယာကုန်းကျေးရွာဘက် နယ်မြေရှင်းလင်းဖို့ ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်တွေ မနက် ၁၁ လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်ပြီး ညနေ ၄ နာရီ လောက် ရေဘုတလင်တောင်ပေါ်က မြသိန်းတန်ဘုရားကျောင်းကနေ ရွာကို စစ်ကောင်စီက ပစ်တာ ရွာဘုန်းတော်ကြီးကျောင်းက ဓမ္မာရုံပေါ်ကျရောက်ပေါက်ကွဲ့ခဲတယ်။ အဲဒီလို ပေါက်ကွဲလို့ ဘုန်းကြီးကျောင်းထဲ စစ်ဘေးရှောင်နေတဲ့ ရွာက လူ ၇ ဦး ကျည်ထိမှန်ထား တယ်။ အမျိုးသမီး ၅ ဦး နဲ့ အမျိုးသား ၂ ဦး၊ ၄ ယောက်ကတော့ စိုးရိမ်ရတယ်။”
စစ်ကောင်စီတပ်တွေဟာ လတ်တလော ရေဘုတလင်ကျေးရွာ မြသိန်းတန်ဘုရားတောင်ကုန်းပေါ် တပ်စွဲထားပြီး အနီးအနားက ချိုင်ကျေးရွာ၊ ဒင်ပေါက်ကျေးရွာ၊ ဝက်ချောင်းကလေး၊ ချောင်းဝကြီး စတဲ့ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နရတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက် နေ့လယ် ၁ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန်ဒေါင့်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအထူးရဲ ၂ ဦး ကန်းဒေါင့်ရွာမြောက်ဘက်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြောင်ဝင်ဒူးရွာက ပြန်လာတဲ့ စစ်ကောင်စီရဲ့ အထူးရဲ ၄ ယောက်ကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့တာ ပုလဲပြည်သူကာကွယ်ရေးတပ်ဖွဲ့ဦးဆောင်သူ ဗိုလ်နဂါးက ပြောပါတယ်။
ပစ်သတ်ခံရတဲ့ အထူးရဲနှစ်ဦးရဲ့ အလောင်းတွေကို စစ်ကောင်စီက မုံရွာနမခစစ်တပ်ထဲ ပြန်လည်သယ်ယူသွာကြပြီး အလောင်းလာကောက်စဉ် ကြောင်ဝင်ဒူကျေးရွာက နေအိမ်တလုံးကို မီးရှို့ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ပုလဲမြိုနယ်အတွင်း နိုဝင်ဘာလဆန်းပိုင်းက စစ်ကောင်စီတပ်ရဲ့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခ့်ပြီး နိုဝင်ဘာလကုန်ခါနီးမှာတော့ တိုက်ပွဲ အနည်းငယ်ငြိမ်သက်နေတယ်လို့ သိရပါတယ်။