
အခု ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ဩဂုတ်လပိုင်းအထိ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ရေထွက်ကုန်တင်ပို့မှုကနေ ရရှိတဲ့ပို့ကုန်ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ် ကာလတူမှာရရှိခဲ့တဲ့ ဝင်ငွေနဲ့နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာသန်း ၈၀ ဝန်းကျင် လျော့ကျနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်းမှာ ရေထွက်ကုန် ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇၈၅ သန်းကျော် ရှိခဲ့ပေမဲ့ အခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကာလတူမှာ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၀၆ သန်း ကျော်သာရရှိထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ယမန်နှစ်တင်ပို့မှုကရရှိတဲ့ ပမာဏကို မီဖို့ အမေရိကန်ဒေါ်လာသန်းပေါင်း ၈၀ ဝန်းကျင် လိုအပ်နေပါတယ်။
မြန်မာ့ရေထွက်ကုန်တွေကို ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကို အများဆုံးတင်ပို့နေပြီး၊ ဥရောပနိုင်ငံတွေအပြင် နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် လတ်တလောမှာ ပြည်ပနိုင်ငံတွေရဲ့ မြန်မာရေထွက်ကုန် တင်ပို့မှု လျော့ကျနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကိုဗစ်ကြောင့် ကုန်သွယ်ရေးနှောင့်နှေးတာတွေ ရှိခဲ့ပေမဲ့လည်း ဥရောပနိုင်ငံတွေကို မွေးမြူရေးငါးတွေ တိုးချဲ့တင်ပို့နိုင်ခဲ့တာကြောင့် မြန်မာ့ရေထွက်ကုန်တင်ပို့မှု စံချိန်သစ်တင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၆၀ နီးပါးထိ ရရှိခဲ့ပါတယ်။