အောက်ဆီဂျင်စက်ရုံများအပြင် ကိုဗစ်နှင့်ဆက်စပ်သည့် ဆေးဝါးများကို စစ်ကောင်စီက ကန့်သတ် စစ်ဆေး

စစ်ကောင်စီက  အောက်ဆီဂျင်စက်ရုံတွေကို ထိန်းချုပ်တာတင်မကဘဲ နယ်စပ်ကနေတင်သွင်းတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ဆက်စပ်တဲ့ဆေးဝါးများကို ကန့်သတ်စစ်ဆေးနေပါတယ်။ 

ဇူလိုင်လဆန်းကစပြီး ကိုဗစ်ကြောင့် အောက်ဆီဂျင်မလုံလောက်တဲ့ ပြဿနာကို ပြည်သူတွေ ရင်ဆိုင်ခဲ့ရတာပါ။ 

စစ်ကောင်စီက အကူအညီမပေးတဲ့အပြင် ဇူလိုင် ၁၁ ရက်နေ့မှာ အစိုးရအောက်ဆီဂျင်စက်ရုံတွေကို ထိန်းချုပ်ခဲ့ပြီး ဇူလိုင် ၂၈ ရက်နေ့မှာတော့ ပုဂ္ဂလိကစက်ရုံတွေကိုပါ စစ်ကောင်စီက ထိန်းချုပ်လိုက်ပါတယ်။ 

ပြဿနာတွေကို ဖြေရှင်းဖို့ အလှူရှင်တွေစုပေါင်းပြီး အောက်ဆီဂျင် Plant တွေ၊ Concentrator တွေ၊ အောက်ဆီဂျင်အိုးတွေနဲ့ ဆက်စပ်ဆေးဝါးတွေကို တရုတ်ပြည်ကနေ တင်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် နယ်စပ်ဂိတ်တွေမှာ မလိုအပ်ဘဲအချိန် ကြန့်ကြာအောင် စစ်ဆေးတာတွေရှိနေတယ်လို့ အလှူရှင်တစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ဦးစီးဌာနက ကိုဗစ်နဲ့ ပတ်သက်တဲ့ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ရန်ကုန်လေဆိပ်နဲ့ ဆိပ်ကမ်းတွေမှာရောက်နေပြီး လာမထုတ်ကြတဲ့အတွက် ပိုင်ရှင်တွေ လာရောက်ထုတ်ယူဖို့ ဇူလိုင်လ တတိယအပတ်မှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။ 

ဒီလိုကြေညာချက်ထုတ်ပေမယ့် ပိုင်ရှင်တွေက စစ်ကောင်စီကို ကြောက်ရွံ့နေပြီး သွားမထုတ်နိုင်ဖြစ်နေကြပါတယ်။ စစ်ကောင်စီက အောက်ဆီဂျင်စက်ရုံတွေကို ထိန်းချုပ်တာ၊ နယ်စပ်က ကိုဗစ်အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်းတွေကို  လွတ်လွတ်လပ်လပ် တင်သွင်းခွင့် မပေးတာတွေအားလုံးဟာ ကိုဗစ်ရောဂါကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်တာလို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုသက်ဆွေဝင်းက ဝေဖန်ပါတယ်။

ဇူလိုင် ၂၉ ရက်နေ့မှာတော့ ပြည်သူတွေဟာ စစ်ကောင်စီ လက်အောက်ခံရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ အောက်စီဂျင်ရဖို့အတွက် မနက်ပိုင်းမှာ စာရင်းပေးပြီး အိုးခွံသွားအပ်ရကြောင်း၊ ညနေပိုင်းမှာ ၄၀ လီတာတစ်အိုးကို ကျပ် ၅၀၀၀ နှုန်းနဲ့ သွားထုတ်ရာမှာ တကယ့်လိုအပ်ချက်နဲ့မကိုက်ညီဘဲ လုံလောက်တဲ့ပမာဏမရဘူးလို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အောက်ဆီဂျင်စက်ရုံတွေကို ထိန်းချုပ်ပြီး အောက်ဆီဂျင်ကို ကန့်သတ်ဖြန့်ဝေတာကြောင့် အရေးပေါ်အောက်ဆီဂျင်လိုအပ်တဲ့ပြည်သူတွေအတွက် အခက်အခဲဖြစ်နေပါတယ်။ အရေးပေါ်လိုအပ်နေသူတွေဟာ အောက်စီဂျင် ၄၀ လီတာတစ်အိုးကို ငွေကျပ် သုံးသိန်းကနေ ငါးသိန်းအထိ ပေးဝယ်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up