
မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုပမာဏ က၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှစ်လကျော်အတွင်း ကန်ဒေါ်လာ ၂၀ ဘီလီယံကျော်ရှိခဲ့ပြီး အရင်နှစ်ကာလတူကုန်သွယ်မှုထက် ကန်ဒေါ်လာ သန်း ၅၀၀၀ ကျော် လျော့ကျနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကာလတူက ကန်ဒေါ်လာ ၂ ၆ ဒသမ ၆ ဘီလီယံကျော်ထိ ကုန်သွယ်မှု ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူက ကုန်သွယ်မှုနဲ့နှိုင်းယှဉ်ရင် ပို့ကုန်ပိုင်းမှာ ကန်ဒေါ်လာသန်း ၂၀၀၀ ကျော်၊ သွင်းကုန်ပိုင်းမှာ ကန်ဒေါ် လာသန်း ၃၀၀၀ ကျော်အသီးသီး လျော့ကျခဲ့တာကို တွေ့ရပါတယ်။
ပို့ကုန်ပိုင်းမှာ လယ်ယာထွက်ပစ္စည်း အနည်းငယ်ပိုမိုတင်ပို့နိုင်ခဲ့ပေမဲ့ အထည်ချုပ်နဲ့ CMP ပို့ကုန်တွေ လျော့ကျခဲ့ပြီး၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှု ကုန်ကြမ်းပစ္စည်းနဲ့ အခြားပစ္စည်းတွေလည်း လျော့ကျခဲ့ပါတယ်။
သွင်းကုန်ပိုင်းမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းအများစု ရပ်တန့်နေတာကြောင့် ပြည်ပက တင်သွင်းရတဲ့ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတွေလည်း လျော့ကျနေပါတယ်။ ဒါ့အပြင် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေလည်း တင်သွင်းမှု လျော့ကျနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်သွယ်ရေးလုပ်ငန်းအပြင် ဘဏ်လုပ်ငန်း၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေရှိခဲ့ပါတယ်။
လန်ဒန်အခြေစိုက် သုတေသနအဖွဲ့ဖြစ်တဲ့ Fitch Solutions က အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) က ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းမယ်လို့ ခန့်မှန်းထားပြီး၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း မြန်မာနိုင်ငံရဲ့ GDP က အနှုတ် ၉ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။