Home
မေးမြန်းခန်း
စစ်ပညာသင်ကြားနေသည့် CDM တက္ကသိုလ် လ/ထ ကထိက ၁ ဦးနှင့် ဒီဗွီဘီ မေးမြန်းချက်
DVB
·
June 24, 2021

CDM သမားတွေအနေနဲ့ အရေးတော်ပုံမှာ ကျရာနေရာကနေ ပါဝင်ကြဖို့နဲ့ CDM ကို ဆက်လက်တောင့်ခံထားကြဖို့ လွတ်မြောက်နယ်မြေတခုမှာ စစ်ပညာသင်ကြားနေတဲ့ တက္ကသိုလ် လ/ထကထိက တစ်ဦးက တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

သူ့အနေနဲ့ NUG အစိုးရကို ယုံကြည်သလို အရေးတော်ပုံကလည်း အောင်မြင်မယ်လို့ ယုံကြည်ထားပြီး စစ်အာဏာရှင်ကို ဆက်လက်တော်လှန်သွားမယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ အရေးတော်ပုံမှာ ဘယ်လိုနေရာကနေ ပါဝင်ခဲ့သလဲ၊ သူ့ရဲ့ မျှော်မှန်းချက်တွေဟာ ဘာလဲဆိုတာသိရဖို့ DVB သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

DVB - ပထမဆုံးမေးခွန်းတခုအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုကို ဘယ်တုန်းကလတည်းက စပြီးတော့မှ ဝင်ခဲ့တာလဲ။ ဘာကြောင့်လုပ်ဖြစ်တယ်ဆိုတာလေး ပြောပြပေးပါခင်ဗျာ။

လ/ထကထိက ဖြေ- “CDM လှုပ်ရှားမှုကို ကျနော် ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး လုပ်ခဲ့ပါတယ်။ ဘာကြောင့်လုပ်သလဲဆိုတော့ ပြည်သူ့ဆန္ဒမပါဘဲနဲ့ မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ချင်လို့ ကျနော် CDM စလုပ်ခဲ့တာဖြစ်ပါတယ်။”

DVB - စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ CDM လှုပ်ရှားမှုအပြင် တခြားဘယ်နေရာတွေမှာ ပါဝင်ခဲ့သေးလဲဆိုတာ ပြောပြပေးပါ။

လ/ထကထိက - “CDM လှုပ်ရှားမှုအပြင် ပြည်သူလူထုသပိတ်စစ်ကြောင်းတွေမှာလည်း ကျနော်ပါဝင်လုပ်ဆောင်ခဲ့တယ်။ ပြီးရင် CDM Supporting တွေအတွက်လည်း ကျနော်လုပ်ဆောင်ပေးခဲ့ပါတယ်။ အဲဒါပြီး အွန်လိုင်းကနေ Social Media ကနေပြီးတော့ စည်းရုံးလှုံ့ဆော်မှုတွေမှာလည်း အများကြီး လုပ်ပေးခဲ့ပါတယ်ခင်ဗျ။”

DVB - လက်ရှိမှာ ကိုယ့်ဌာနအတွင်းက CDM မလုပ်တဲ့ ဝန်ထမ်းတွေ ဘယ်လောက်ထိ ရှိနေလဲ။ ပြီးတော့ Non CDM အဖြစ်ပြောင်းတာတွေကကော ဘယ်လောက်ရှိနေလဲ။ သူတို့က ဘာကြောင့် Non CDM ပြောင်းသွားတယ်လို့ ထင်လဲ။ သူတို့အပေါ်မှာကော ဘာများပြောချင်ပါသလဲ။

လ/ထကထိက - “ကျနော်တို့ဌာနအတွင်းမှာတော့ အရင်တုန်းက CDM လုပ်တဲ့ ဝန်ထမ်း ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်ပေါ့နော်။ ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါပေမဲ့ ၈၀ ရာခိုင်နှုန်းထဲက ၅ ရာခိုင်နှုန်းလောက်ကတော့ Non CDM အဖြစ်ပြောင်းသွားကြတယ်။ ဘာကြောင့်ပြောင်းသွားကြလဲဆိုတော့ သူတို့ရဲ့ မိသားစုစားဝတ်နေရေးကြောင့်ရှိတယ်။ တချို့ကကျတော့ မိမိကိုယ်တိုင် စစ်အာဏာရှင်ကို ဆန့်ကျင်မှုမှာ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်ကြသူလည်း ရှိကြတယ်။ တချို့ကတော့ ပုဒ်မ  ၅၀၅ တပ်ခံရမှာစိုးလို့ ပြန်ဝင်သွားကြသူတွေလည်း ရှိပါတယ်ခင်ဗျ။”

  DVB – ဟုတ်ကဲ့ အခုလို CDM လုပ်လိုက်တဲ့အတွက်ပေါ့လေ ကိုယ့်ရဲ့ ရာထူး၊ တာဝန်တွေအပေါ်မှာ ထိခိုက်မှုတွေ ဘာတွေရှိလဲ။ နောက်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကော စစ်ကောင်စီဘက်က ဘာတွေလုပ်တာတွေရှိလဲ။ ဘယ်လိုအရေးယူတာမျိုးတွေရှိလဲ ပြောပြပေးပါဦး။

လ/ထကထိက - “CDM လုပ်တဲ့အတွက်ကတော့ ရာထူး၊ တာဝန်တွေကတော့ အကုန်လုံး စွန့်လွှတ်လိုက်ရတယ်ပေါ့နော်။ ကျနော်လည်း CDM စလုပ်ကတည်းက စွန့်လွှတ်ဖို့ ရည်ရွယ်ထားပြီးသားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်သူလူထု လက်ခံထာတဲ့ အစိုးရမဟုတ်တဲ့ ဒီစစ်အာဏာရှင်ကပေးထားတဲ့ ရားထူးတွေ၊ တာဝန်တွေကို ဆက်ပြီး မလုပ်ကိုင်ချင်ဘူး။ ဒါ့ကြောင့် ဒီရာထူးတာဝန်တွေကို ကျနော်တို့ကိုယ်တိုင် အစကတည်းက စွန့်လွှတ်ထားပြီးသားဖြစ်တယ်။ ကျနော်တို့ ပြည်သူ့အစိုးရကနေပြီးတော့ ဒီရာထူးတာဝန်တွေကို တည်မြဲဖို့ အာမခံပေးထားပါတယ်။ စစ်အာဏာရှင်က ဘယ်လိုအရေးယူမှုရှိသလဲဆိုတာကတော့ ကျနော်ဆိုရင် ပုဒ်မ ၅၀၅ (က) ထုတ်ခံထားရတယ်။ နောက်ပြီးကျတော့ ဒီရာထူးဖြုတ်ချခံထားရတယ်ပေါ့။ စစ်ကောင်စီ၊ စစ်အာဏာရှင်က အရေးယူတာမျိုးရှိပါတယ်။”

 DVB - လက်ရှိမှာ CDM လုပ်တာတင်မက လွတ်မြောက်နယ်မြေတခုကိုသွားပြီးတော့ အခြေခံစစ်ပညာသင်တန်း တက်ရောက်နေတယ်လို့ သိရတယ်။ ဘာကြောင့်တက်ဖြစ်တယ်ဆိုတာလေး ပြောပြပေးပါဦး။

လ/ထကထိက - “အခြေခံစစ်ပညာသင်တန်းတက်ရောက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်ကို ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းနဲ့ တိုက်ထုတ်လို့မရတော့ဘူးလို့ ကျနော်တို့ သဘောပေါက်လာတယ်။ သိလာတယ်။ မြင်တွေ့လာရတယ်။ ဒါကြောင့်မို့ ကျနော်တို့ သူတို့ကို ပြန်ပြီးတော့ ပြန်လည်တိုက်ခိုက်မှုတွေလုပ်မှ၊ သူတို့ကို ပြန်ပြီးတော့ ချေမှုန်းရေးလုပ်မှ၊ လက်နက်ကိုင်တော်လှန်မှ သူတို့ကို ချေမှုန်းနိုင်ဖို့ အမြစ်ဖြတ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ အခြေခံစစ်ပညာသင်တန်းကို တက်ရောက်နေတာဖြစ်ပါတယ်ခင်ဗျ။”

DVB -စစ်ပညာသင်ကြားမှုအခြေအနေကကော ဘယ်လိုတွေရှိပါသလဲ။

လ/ထကထိက - “စစ်ပညာသင်ကြားမှုအနေနဲ့ ကျနော့်အနေနဲ့ မြင်တွေ့ရတာတော့ အများကြီးအားရတယ်။ ဘာလို့လဲဆိုတော့ အခြေခံလူတန်းစား၊ အလွှာပေါင်းစုံက လူတန်းစားတွေအကုန်လုံးလာပြီးတော့ တက်ရောက်နေကြတယ်။ ဒါကြောင့် ဒါပြည်သူလူထုရဲ့ အားတက်သရောပါဝင်မှုလို့ ကျနော်ကတော့ မြင်တယ်။ အသက်အရွယ်အရပြောမယ်ဆိုရင်တော့ Generation Z တင်မကဘဲနဲ့ X,Y အသက်အရွယ်မျိုးစုံ လာပြီးတော့ တက်ရောက်နေကြတယ်။ အမျိုးသားတွေချည်းမဟုတ်ဘဲနဲ့ အမျိုးသမီးတွေပါ ပါဝင်တက်ရောက်နေတာဖြစ်တဲ့အတွက် ကျနော်တို့ ပြည်သူလူထုအတွက် အများကြီးအားရစရာ အချက်တခုဖြစ်ပါတယ်ခင်ဗျ။”

DVB - လက်ရှိမှာ G-Z တွေ၊ ပြည်သူတွေ၊ EAOs တွေကရရာလက်နက်ကိုင်စွဲပြီးတော့မှ စစ်အာဏာရှင်ကို တော်လှန်နေကြတယ်။ ဒီအပေါ်မှာကော ဘာများပြောချင်ပါလဲ။ ဘယ်လိုမြင်တွေ့နေရတာတွေ ရှိနေပါသလဲ။

လ/ထကထိက - “G-Z တွေတင်မကဘဲနဲ့ Generation ပေါင်းစုံက ပြည်သူလူထုတွေရယ်၊ EAOs တွေရယ်က ရရာလက်နက်စွဲကိုင်ပြီးတော့ တော်လှန်နေကြတယ်။ ဒါဘာလို့လဲဆိုတော့ လူတိုင်းက စစ်အာဏာရှင်ကို အလိုမရှိလို့မို့၊ စစ်အာဏာရှင်ကို တွန်းလှန်ချင်လို့ တော်လှန်နေကြတာဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘာပြောချင်လဲဆိုတော့ နယ်ပယ်ပေါင်းစုံက လူပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံက ပြည်သူအားလုံးက ရရာလက်နက်ကိုင်စွဲပြီး တော်လှန်နေတာဖြစ်တဲ့အတွက် စစ်အာဏာရှင်က အမြစ်ပြုတ်ပြီးတော့ ပြည်သူ့အောင်ပွဲက ရကိုရမယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

  DVB -စစ်အာဏာရှင်တော်လှန်ရေးကကော ဘယ်လောက်ကြာမယ်လို့ ခန့်မှန်းသုံးသပ်ထားတာ ရှိပါသလဲ။

လ/ထကထိက - “စစ်အာဏာရှင်ကတော့ ကျနော်တို့ပြည်သူတွေအပေါ်မှာ အာဏာရှင်ဆန်ဆန် ပြုလုပ်လာတာ နှစ်ပေါင်း ၆၀ ကျော်လာပြီပေါ့။ အဲဒါဖြစ်တဲ့အတွက် သူတို့ရဲ့ နှစ်ပေါင်း ၆၀ ကျော်ကာလကို တိုက်ထုတ်ရမှာဖြစ်တဲ့အတွက် တရက်နှစ်ရက်တော့ ပြီးသွားမှာ မဟုတ်ပါဘူး။ လချီကြာပါလိမ့်မယ်။ အဲဒါဖြစ်တဲ့အတွက် ဘယ်လောက်ကြာမယ်ဆိုတာ ပြောလို့မရပေမယ့် ပြည်သူလူထုအားလုံးက တော်လှန်ချင်စိတ်ရှိနေတယ်။ ပြည်သူအားလုံးက တော်လှန်ဖို့ ကြိုးစားနေတာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ တော်လှန်ရေးအောင်မြင်မှုက မကြာမီကာလအတွင်းမှာ ရရှိမယ်လို့ ကျနော်ကတော့ ယူဆပါတယ်ခင်ဗျ။”

  DVB - လက်ရှိမှာ စစ်ကောင်စီက အာဏာသိမ်းထားတာ ၅ လထဲရောက်လာပြီပေါ့လေ။ CDM သမားတွေရဲ့ အခက်အခဲ ဘာတွေကြုံတွေ့နေရတာ ရှိနေလဲ။ အခုလက်ရှိမှာဆိုရင် CDM ထောက်ပံ့မှုတွေကလည်း အရင်ကလို တက်တက်ကြွကြွမရှိတော့ဘူး။ ဖမ်းတာဆီးတာတွေလည်း ရှိနေတော့လေ။ ဆိုတော့ သူတို့တွေကော ဘယ်လို ရပ်တည်နေကြလဲ။ ဒီအပေါ်မှာကော ဘာများပြောချင်ပါသလဲ။

လ/ထကထိက - “CDM သမားတယောက်အနေနဲ့ CDM တွေကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပါဆိုရင် အပိုင်းနှစ်ပိုင်းပြောရမယ်ခင်ဗျ။ ပထမပိုင်းကတော့ CDM သမားတွေရဲ့ လုံခြုံရေးပေါ့နော်၊ ဒုတိယပိုင်းကတော့ CDM သမားတွေအတွက် စားဝတ်နေရေးပေါ့။ နှစ်ပိုင်းကို ပြောပေးပါ့မယ်။ ပထမပိုင်းလုံခြုံရေးနဲ့ပြောမယ်ဆိုရင် CDM သမားတွေကို မတရားအာဏာသိမ်းထားတဲ့ စစ်အာဏာရှင်က ပုဒ်မမျိုးစုံတပ်ပြီးတော့ လိုက်လံပြီးတော့ လုံခြုံရေးအရ ထိပါးနေတဲ့ကိစ္စတွေအများကြီးရှိပါတယ်။ ဒါကြောင့် သူတို့မှာ လုံခြုံရေးအရ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရပါတယ်။ စားဝတ်နေရေးအခက်အခဲကတော့ စစ်အာဏာသိမ်းကတည်းက လစာမရကြဘူး။ လစာမထုတ်ထားကြတာဖြစ်တဲ့အတွက် စားဝတ်နေရေးအခက်အခဲများစွာရှိနေကြပါတယ်။ ဒါက အခက်အခဲကြုံတွေ့ရတဲ့အပိုင်းပေါ့။”

  DVB – NUG အစိုးရကိုရော ဘာပြောချင်လဲ။ သူတို့လုပ်ဆောင်နေတဲ့အပေါ်မှာရော ကျေနပ်အားရမှုအခြေအနေ ဘယ်လိုရှိနေပါသလဲ။

လ/ထကထိက - “CDM ဝန်ထမ်းတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ NUG အစိုးရကိုပြောရမယ်ဆိုရင် CDM Supporting ကိစ္စလေးမှာတော့ အရင်ကထက်ပိုပြီးတော့ အားသွန်ခွန်စိုက် လုပ်စေချင်ပါတယ်။ အဓိကအခြေခံ ဝန်ထမ်းမျိုးစုံကို ထောက်ပံ့မှုတွေ ထိထိရောက်ရောက်လုပ်ပေးစေချင်ပါတယ်။ ဒါက ကျနော့်အမြင်ပါ။ နောက်တခု သူတို့လုပ်ဆောင်နေတဲ့ NUG အစိုးရရဲ့ လုပ်ဆောင်နေတဲ့အပေါ်မှာ ကျေနပ်အားရမှုကတော့ ကျနော်အနေနဲ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ NUG အစိုးရက တဆင့်ချင်းလုပ်ဆောင်ရမယ့်အပိုင်းတွေကို သူ့ရဲ့ အဆင့်လိုက် တဆင့်ချင်းလုပ်ဆောင်နေပါတယ်။ မရပ်မနားကြိုးစားပြီးတော့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ပြည်သူအားလုံးကလည်း ထောက်ခံနေကြတာဖြစ်ပါတယ်။ ဒါကြောင့် NUG အစိုးရရဲ့ လုပ်ဆောင်မှုအပေါ်မှာ ကျေနပ်အားရမှုကတော့ အများကြီးရှိပါတယ်ခင်ဗျ။”

DVB - နောက်တခုအနေနဲ့ ဖြည့်စွက်မေးချင်တာက အခု NUG အစိုးရက ပညာရေးဝန်ကြီးဌာနဖွဲ့ထားတယ်။ ပညာရေးစနစ်အတွက် ဆက်ပြီးလုပ်ဆောင်နေတာရှိတယ်။ ဒီအပေါ်မှာရော ပညာရေးဝန်ထမ်းတယောက်အနေနဲ့ ဘာတွေပြောချင်တာတွေရှိလဲ။ ဘာတွေအကြံပြုချင်တာတွေရှိပါသလဲ။

လ/ထကထိက - “ဟုတ်ကဲ့ ကျနော်တို့ဒီ ပညာရေးဝန်ကြီးဌာန ဆရာကြီး ဒေါက်တာဇော်ဝေစိုးတို့ဦးဆောင်ပြီးတော့ ပညာရေးကဏ္ဍ ဆက်လက်ပြီးတော့ လည်ပတ်နိုင်အောင် လုပ်ဆောင်နေကြပါတယ်။ အဲလိုလည်ပတ်နိုင်အောင် လုပ်ဆောင်နေတဲ့ ကာလမှာ ကျနော်တို့က အခုလက်ရှိ Face to face သင်လို့မရတဲ့အခြေအနေဖြစ်ပေမယ့် Zoom Platform ကိုသုံးပြီးတော့ Online Social Media ကနေပြီး သင်ကြားသင်ယူမှု Sustainable အတွက် စဉ်ဆက်မပြတ်သင်ကြားသင်ယူမှုအတွက် လုပ်ဆောင်နေတယ်။ ဒါကျနော်တို့ အားရစရာ အချက်ဖြစ်ပါတယ်။ အဲတော့ အဲလိုမျိုးအပေါ်မှာ မူတည်ပြီးတော့ အွန်လိုင်းမရတဲ့ နယ်ပယ်ဒေသတွေပေါ်မှာ ဘယ်လိုမျိုးဆက်ပြီးတော့ စဉ်ဆက်မပြတ်လေ့လာ သင်ယူခွင့်ကို ဘယ်လိုဆက်လုပ်နေလဲ ဆိုတဲ့ကိစ္စတွေကိုလည်း ကျနော်တို့ နေ့တိုင်း၊ အပတ်တိုင်း အစည်းအဝေးတွေလုပ်ကြတယ်။ ဆက်လက်လုပ်ဆောင်နေတာကိုလည်း ကျနော့်အနေနဲ့ မြင်တွေ့ရတယ်ပေါ့။ ဒါကြောင့်မို့ ပညာရေးဝန်ထမ်းတယောက်အနေနဲ့ ပြောရမယ်ဆိုရင် ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်နေတဲ့ အချက်တွေက တော်တော်လေးလည်း ကောင်းမွန်တယ်။ အဆင်ပြေတာကို တွေ့ရပါတယ်။ ကျောင်းသားကျောင်းသူဘက်က CDM အောင်မြင်မှုကလည်း အတိုင်းအတာတခုအထိ အောင်မြင်ထားပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းတက်တဲ့အင်အား တော်တော့်ကို နည်းပါတယ်ခင်ဗျ။ ဒါ ပညာရေးဝန်ကြီးဌာနအနေနဲ့ အောင်မြင်မှုတွေ၊ အဆင်ပြေမှုတွေ ပြီးတော့ ပြည်သူလူထုရဲ့ ပါဝင်မှုတွေကို မြင်တွေ့နေရတာဖြစ်ပါတယ်။”

 DVB -စစ်ကောင်စီကနေပြီးတော့မှလည်း ပညာရေးနဲ့ပတ်သက်ပြီးတော့မှ ကျောင်းတွေဖွင့်နေတယ်။ ဒီအပေါ်မှာကော ဘာများပြောချင်တာရှိပါသလဲ။

လ/ထကထိက - “စစ်ကောင်စီကဖွင့်နေတဲ့ ပညာရေးနဲ့ပြောမယ်ဆိုရင် CDM မလုပ်တဲ့ ဆရာဆရာမတွေနဲ့ ပညာရေးကဏ္ဍကို ဆက်ပြီးတော့ လည်ပတ်နေတယ်ပေါ့။ ပညာရေးကဏ္ဍမှာ  CDM မလုပ်တဲ့ဝန်ထမ်းက တော်တော်နည်းတယ်။ CDM လုပ်နေတဲ့ ပါမောက္ခတွေ၊ ပညာရှင်တွေ၊ ပရော်ဖက်ရှင်နယ်စစ်စစ်တွေကတော့ CDM လုပ်သွားတာဖြစ်တဲ့အတွက် အခုကျန်ရှိနေတဲ့ အင်အားအနည်းအကျဉ်းလေးနဲ့ လုပ်နေတာဖြစ်တဲ့အတွက် ဘယ်လိုမှ ထိရောက်တဲ့ ပညာရေးတခုဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ နောက်တချက် လိုအပ်နေတဲ့ CDM လုပ်သွားတဲ့ ဝန်ထမ်းတွေအစား ဆရာဆရာမတွေအစား ဝန်ထမ်းအသစ်တွေ ခေါ်တယ်ပေါ့။ အဲဒီဝန်ထမ်းအသစ်ခေါ်တာက ပရော်ဖက်ရှင်နယ်လိုင်းတခုက အခုခေါ် အခုစာသင်ခန်းထဲ ဝင်လုပ်လို့မရပါဘူး။ ကျနော်တို့ ဖြတ်ကျော်ရမယ့် လုပ်ငန်းအတွေ့အကြုံတွေ အများကြီး လိုပါတယ်။ သင်ကြားသင်ယူမှုလုပ်ငန်းစဉ်မှာ အဆင့်တွေအများကြီးပဲ ရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဖြည့်တင်းမှုကလည်း သူတို့ရဲ့ စစ်ကောင်စီလုပ်နေတဲ့ ပညာရေးကဏ္ဍမှာ မအောင်မြင်နိုင်တဲ့အချက်တွေ၊ ပညာရေးကဏ္ဍမှာ  ထိရောက်တဲ့ ပညာရေးစနစ်တခုဖြစ်မှာမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်ခင်ဗျ။

  DVB - မြန်မာ့ပညာရေးနဲ့ပတ်သက်ပြီး နောက်ဆုံးတခုအနေနဲ့ ဘာများပြောချင်ပါလဲ။ ဥပမာ ကိုဗစ်တုန်းကလည်း ကျောင်းတစ်နှစ်နားလိုက်ရတယ်။ အခုလည်း အာဏာသိမ်းတဲ့အခါကျတော့ တော်တော်များများက ကျောင်းမတက်ဘဲနဲ့ CDM လုပ်နေကြတယ်ဆိုတော့ မြန်မာ့ပညာရေးနဲ့ပတ်သက်ပြီးတော့မှ အလားအလာပဲဖြစ်ဖြစ် ကလေးတွေရဲ့ အနာဂတ်ပဲဖြစ်ဖြစ် ဘာများပြောချင်တာရှိပါလဲ။

လ/ထကထိက -” မြန်မာ့ပညာရေးအလားအလာက ကိုဗစ်ကာလတုန်းကတောင် ကျနော်တို့ပညာရေးအလားအလာက တိုးတက်လာတယ်လို့ မြင်ရတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသူကျောင်းသားက ကိုယ်တိုင်ကျောင်းမတက်ရပေမယ့် Online Learning တွေ၊ သူတို့သင်ကြားသင်ယူလိုတဲ့ သူတို့ဆန္ဒရှိတဲ့ ဘာသာရပ်နယ်ပယ်အသီးသီးကို သူတို့ကိုယ်တိုင် လေ့လသင်ယူဖို့ အိမ်ထဲကနေ လေ့လာသင်ယူခွင့်ရနေတဲ့ ကလေးတွေ အများကြီးရှိတယ်။ ပြီးတော့ ကိုယ်တိုင်လေ့လာသင်ယူချင်စိတ်တွေ ပေါက်လာတယ်။ များလာတယ်ပေါ့။ ဒါကျနော့်အမြင်ပါ။ ဒါပေမဲ့ စစ်အာဏာသိမ်းလိုက်ကတည်းကတော့ လူတိုင်းကျောင်းသားတိုင်း CDM လှုပ်ရှားမှုတွေ လုပ်ကြတယ်။ ပြီးရင် ဆရာဆရာမတွေ မရှိကြတော့ဘူး။ Guideline ပေးမယ့်သူတွေ မရှိကြဘူး။ ဒါ သူတို့စစ်အာဏာသိမ်းခြင်းက ပညာရေးကဏ္ဍကိုလည်း များစွာဆိုးကျိုးတွေ ဖြစ်စေတယ်ပေါ့။ ဒါ မကောင်းတဲ့ Effect တွေဖြစ်ပါတယ်။ မြန်မာ့ပညာရေးအလားအလာက စစ်အာဏာမသိမ်းဘူးဆိုရင် ရှေ့ဆက်ပြီးတော့ တိုးတက်လာမယ့် အလားအလာရှိတယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ အခြေခံပညာမှာပဲဖြစ်စေ အဆင့်မြင့်ပညာမှာပဲဖြစ်စေ သင်ရိုးညွှန်းတမ်းတွေ ပြောင်းလဲကြတယ်။ သင်ကြားရေးစနစ်တွေ ပြောင်းကြတယ်။ ဒါမျိုးတွေပြီးရင် Vocational Line  (အသက်မွေးပညာ) ကို အားပေးလာကြတယ်။ ဒါမြန်မာ့ ပညာရေးကဏ္ဍ  တိုးတက်မယ့်အလားအလာကို စစ်အာဏာရှင်က ဖျက်သိမ်းလိုက်တယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်ခင်ဗျ။”

 DVB - ဟုတ်ကဲ့ တခြားဘာများဖြည့်စွက်ပြောကြားချင်ပါသေးသလဲခင်ဗျ။

လ/ထကထိက - “စစ်အာဏာသိမ်းတာကတော့ မတရားသဖြင့် ပြည်သူက လက်မခံဘဲ အာဏာရှင်ဆန်ဆန်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင်ပဲဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ ပြည်သူလူထုတရပ်လုံးက ဘယ်လိုမှ လက်မခံနိုင်တဲ့အကြောင်းတရပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေက အားလုံးက စစ်အာဏာရှင်ပြုတ်ကျရေးကို အမြစ်ပြုတ်ဖြစ်အောင်လို့ အားလုံးတိုက်တွန်းကြမယ်။ တော်လှန်ကြမယ်။ တော်လည်း တော်လှန်နေကြတယ်။ ဒါကျနော်တို့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လုပ်ဆောင်နေကြတဲ့အပိုင်းတွေ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်က မုချပျက်သုဉ်းသွားပါလိမ့်မယ်လို့ ထင်မြင်ယူဆပါတယ်။”

“နောက်တချက်ကတော့ ပြည်သူလူထုနဲ့ CDM ဝန်ထမ်းတွေကို ကျနော်ဖြည့်စွက်ပြောချင်တာလေးရှိပါတယ်။ CDM ဝန်ထမ်းတွေလည်း ဆက်ပြီးတော့ တောင့်ထားပေးပါ။ ဆက်ပြီးတော့ အားတင်းထားကြပါ။ ကျနော်တို့ရဲ့ တော်လှန်ရေးအောင်ပွဲက နီးစပ်လာပါပြီ။ ပြည်သူလူထုအနေနဲ့လည်း ပြည်သူလူထုလုပ်လို့ရတဲ့ CDM လှုပ်ရှားမှုတွေ အများကြီးရှိပါတယ်။ အဲဒါတွေကို ဆက်လက်လုပ်ဆောင်ပေးကြပါ။ ကျနော်တို့ ပြည်သူ့တော်လှန်ရေးလုပ်တဲ့အခါမှာလည်း ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်။”

 ကျေးဇူးတင်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024