DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်များကို ကရင်နီဘက်စုံသားဖွားဆရာမများအသင်းက ကျန်းမာရေး စောင့်ရှောက်ပေးနေ
DVB
·
September 23, 2024
စစ်ဘေးရှောင်များကို ကရင်နီဘက်စုံသားဖွားဆရာမများအသင်းက ကျန်းမာရေး စောင့်ရှောက်ပေးနေ
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်မှာ CDM လုပ်ထားတဲ့ ဘက်စုံသားဖွားဆရာမတွေနဲ့ စုဖွဲ့ထားတဲ့ ကရင်နီ ဘက်စုံသားဖွားဆရာမများအသင်း (KMS) ဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့  ကရင်နီပြည်နယ်က ဒေသခံတွေနဲ့ စစ်ရှောင်တွေကို ဆေးဝါးကုသ ကျန်းမာရေးစောင့်ရှောက် ပေးနေပါတယ်။

KMS ရဲ့ သားဖွားဆရာမတွေဟာ သူတို့လက်လှမ်းမီရာ ဒေသတွေမှာ ကိုယ်ထူကိုယ်ထ ဆေးခန်းဖွင့်လှစ်ပြီး ဆေးဝါးကုသမှုပေးတာ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် ၅ နှစ်အောက် ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေပေးတာ၊ ဆယ်ကျော်သက် အမျိုးသမီးကျန်းမာရေးနဲ့ သားဆက်ခြားတဲ့လုပ်ငန်းတွေကို ပြုလုပ်ပေးနေပါတယ်။

အဲဒီအပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဆေးရုံဆေးခန်းမရှိတဲ့ ကျေးရွာတွေကိုလည်း မြေပြင်ကွင်းဆင်းကာ တုပ်ကွေး၊ ငှက်ဖျား စတာတွေကို ကုသမှုပေးတာ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ မျှဝေပေးတာ၊ အာဟာရပိုင်းစောင့်ရှောက်တဲ့ ဝန်ဆောင်မှု ပေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

KMS အဖွဲ့ဝင် CDM သားဖွားဆရာမ မဗေဒါက “အာဏာသိမ်းပြီးနောက်မှာတော့ မတရားမှုကို ဆန့်ကျင်ပြီး အမှန်တရားဘက်ကနေ ရပ်တည်တဲ့အနေနဲ့ အခက်အခဲ အများကြီးကြားကနေ CDM ပြုလုပ်ပြီးတော့ တယောက်စီ တကွဲတပြားစီ ဖြစ်ကုန်တယ်။ လုံခြုံရေးအရ ရှောင်တိမ်းနေရတဲ့သူတွေလည်း ရှိတယ်။ အမျိုးမျိုးပါပဲ။ အဲ့လိုပဲ ရောက်တဲ့နေရာမှာ နီးစပ်ရာ နိုင်ရာပေါ့နော်။ ကိုယ်တတ်ထားတဲ့ ပညာလေးနဲ့ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးရင်း ပြည်သူကို အကျိုးပြုပေးနေခဲ့ကြပါတယ်။ အဲလို တကွဲတပြားစီဖြစ်နေတဲ့ ဆရာမတွေကို ဆက်သွယ်လို့ရသမျှ ပြန်လည်စုစည်းပြီးတော့ အဖွဲ့အစည်းတခုအနေနဲ့ ကရင်နီ ဘက်စုံသားဖွားဆရာမများ အဖွဲ့ဆိုပြီး ဖွဲ့စည်းလိုက်တယ်။ စတင်ဖွဲ့ကတည်းက ကိုယ်ထူကိုယ်ထပဲ ဆိုတော့ ဆရာမတွေက သူတို့ဆီမှာ ရှိသလောက်ဆေးနဲ့ပဲ လူနာတွေကို ကုသမှုပေးရတာဆိုတော့ ရောဂါတခုခုဖြစ်ရင် ဆေးဝါးတွေ လိုအပ်သလောက် မပေးနိုင်တာ၊ လူနာကို ပြန်ဝယ်ခိုင်းရတာတို့ ရှိတယ်။ လူနာတွေအနေနဲ့ အဆင်ပြေတဲ့သူတွေရှိတယ်၊ မပြေတဲ့ စစ်ဘေးရှောင်လူနာတွေက ပိုများတော့ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့အပိုင်းမှာ လိုအပ်ချက်တွေ အခက်အခဲတွေ များစွာရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

KMS ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ CDM ပြုလုပ်ထားတဲ့ ဘက်စုံသားဖွားဆရာမတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး အဖွဲ့ထဲမှာ အမျိုးသမီးတွေသာ ပါဝင်ပါတယ်။

ကရင်နီ ဘက်စုံသားဖွားဆရာမများအသင်းဟာ ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံ၊ မိုးဗြဲ အပြင် ကရင်နီပြည်က လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရုဆိုမြို့နယ်တွေက ဒေသခံနဲ့ စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “ဒီလိုအသင်းအဖွဲ့လာဖို့ အမြဲမျှော်တယ်။ သူတို့လာရင် ကျမတို့အတွက် အရမ်းဝမ်းသာတယ်။ ငှက်ဖျားဆိုလည်း ကျမတို့က ကာကွယ်ဖို့ သူတို့ နည်းလမ်းလည်း ပေးထားတယ်။ ပြီးမှ ဝမ်းလျှောဝမ်းပျက်အတွက်လည်း သူတို့ ပညာပေးထားတဲ့ အခါကျတော့ သိထားတော့ ပိုကောင်းလာတာပေါ့။ ရောဂါဖြစ်ပွားတာလည်း အရမ်းနည်းလာတယ်။ တလတကြိမ် လာပေးရင်တော့ ကျမတို့ လူထုအတွက် အကောင်းဆုံးပေါ့နော်” လို့ ပြောပါတယ်။

မိုးတွင်းကာလမှာ လမ်းခရီးခက်ခဲပြီး တောင်တက်တောင်ဆင်း များတဲ့အတွက် မိန်းကလေးတွေသာ ပါဝင်တဲ့ ကရင်နီ ဘက်စုံသားဖွားဆရာမများအသင်းဟာ အခက်အခဲတွေ ပိုတွေ့ရတယ်လို့ ဆိုပါတယ်။

သားဖွားဆရာမတယောက်က “ဒီမိုးတွင်းဆို တော်တော်ခက်ခဲတယ်။ မိုးတွင်းမို့ တချို့စစ်ရှောင်တွေမှာဆို လမ်းအရမ်းဆိုးတယ်။ တောင်တက်တောင်ဆင်း လုပ်ရတယ်။ လမ်းကလည်း အရမ်းကြမ်းတဲ့အတွက်ကြောင့် မိန်းကလေးတွေပဲ ဖြစ်တဲ့အခါမှာဆိုရင် ကျမတို့အတွက် စိန်ခေါ်မှုတခု ဖြစ်တယ်။ သွားလို့ဆိုရင်လည်း လုံခြုံရေးတခုအနေနဲ့တော့ ဘယ်နေရာမဆို လုံခြုံစိတ်ချရတဲ့နေရာဆိုတာ မရှိဘူးပေါ့နော်။ ဆိုတော့ အဲတခုက ကျမတို့အတွက် အများကြီး စိန်ခေါ်မှုတခု ဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။

ဆေးဝါးတွေကိုတော့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီထံကနေ တချို့ရရှိပြီး အများစုကိုတော့ ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ ကူညီမှုတွေနဲ့သာ ရပ်တည်နေရတယ်လို့ သိရပါတယ်။

ကရင်နီ ဘက်စုံသားဖွားဆရာမများအသင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဆရာမဦးရေ  ၁၃၀ ကျော်အထိ ရှိလာပြီဖြစ်ကာ လာမယ့် အောက်တိုဘာ ၁၁ ရက်မှာ ၂ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013