ရွာလုံးကျွတ်မီးရှို့ခံရသည့် ကင်းမရွာသားများ အကူအညီရယူရန် ခက်ခဲနေ

မကွေးတိုင်း၊  ပေါက်မြို့နယ်၊ ကင်းမရွာလုံးကျွတ် မီးရှို့ခံရပြီးနောက် အကူအညီပေးချင်သူတွေ ရှိနေပေမယ့် စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို ကြောက်နေရတာကြောင့် ရွာသားတွေက အကူအညီတွေကို လက်ခံရယူဖို့ ခက်ခဲနေပါတယ်။ 

ဇွန်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ လောက်က ကင်းမရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာပါ။ မီးရှို့ဖျက်ဆီးခံရတဲ့ ကင်းမရွာမှာ လူဦးရေ တစ်ထောင်လောက်နေထိုင်နေတာဖြစ်ပြီး အိမ်ခြေ ၂၄၀ လောက်မှာ အိမ် ၃၀ လောက်ပဲ မီးမလောင်ဘဲ ကျန်ရစ်တယ်လို့ ရွာသားတစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီဝင်ရောက်ချိန်မှာ ရွာသားတွေက ထွက်ပြေးပေမယ့် ထွက်မပြေးနိုင်တဲ့ အသက် ၈၀ကျော်အရွယ် အဘိုးအဘွား နှစ်ယောက် မီးလောင်သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ရွာသားတွေဟာ ပိုင်ဆိုင်မှုအကုန်လုံးမီးထဲပါသွားတဲ့အတွက် စားဝတ်နေရေးခက်ခဲနေပါတယ်။ ရွာသားတွေဟာ စစ်ကောင်စီကို ကြောက်ရွံ့နေရတုန်းဖြစ်တဲ့ အတွက်တောထဲမှာပဲတိမ်းရှောင်နေပါတယ်။

ရန်ကုန်၊ မန္တလေး လိုမြို့ကြီးတွေကပြည်သူတွေက ရွာအတွက်  ကူညီဖို့ဆက်သွယ်တာ ရှိပေမယ့် ရွာသားတွေက လက်ခံရယူဖို့ခက်ခဲနေတယ်လို့ ကင်းမရွာသားတစ်ဦးက ပြောပါတယ်။

ကင်းမရွာမီးလောင်မှုဖြစ်ပြီးတဲ့နောက် ပေါက်မြို့နယ်ထဲက ကျေးရွာတွေဟာ စစ်ကောင်စီ ယာဉ်တန်းတွေလာရင် ကြောက်လန့်နေရတယ်လို့လည်း ပေါက်မြို့နယ်ဒေသခံတစ်ယောက်က ပြောပါတယ်။

ပေါက်မြို့နယ်မှာ ကျေးရွာအုပ်စု ၆၉ အုပ်စုရှိပြီး အမည်ပေါက်ရွာ ၂၃၅ ရွာနဲ့ အမည်မပေါက်သေးတဲ့ရွာ ၄၀ လောက်ရှိပါတယ်။

ပေါက်မြို့နယ်မှာ လူဦးရေ နှစ်သိန်းလောက်နေထိုင်ပြီး ပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတယ်လို့ ပေါက်မြို့နယ်ဒေသခံကပြောပါတယ်။ ကင်းမရွာသားတွေကို ကူညီဖို့ နည်းလမ်းတွေကိုလည်းရှာဖွေနေတယ်လို့ ပေါက်မြို့နယ်ဒေသခံတစ်ဦး ပြောပါတယ်။

စစ်ကောင်စီက ခုလို ရွာလုံးကျွတ်မီးရှို့မှုနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုဖြစ်ကြောင်း ခိုင်လုံတဲ့သက်သေတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုလိုက်ပြီး အပြစ်မဲ့တဲ့ရွာသားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကိုလည်း အပြင်းအထန်ကန့်ကွက်ရှုံ့ချတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်ကနေ ကင်းမရွာကိုဝင်တဲ့ ပုသိမ်-မုံရွာလမ်းသစ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကင်းမရွာလုံခြုံရေးလူငယ်တွေ ထိတွေ့မှုဖြစ်ပြီးတဲ့နောက် ပခုက္ကူနဲ့ ပေါက်က စစ်ကောင်စီတပ်တွေ စစ်ကူထပ်ရောက်လာပြီး ရွာလုံးကျွတ်မီးရှို့မှုဖြစ်ခဲ့တာလို့ ပေါက်မြို့နယ်ဒေသခံတွေ ပြောပါတယ်။ 

စစ်အာဏာသိမ်းမှုကို ကင်းမရွာသားအများစုက အလိုမရှိတဲ့အတွက် အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက စစ်တပ်၊ ရဲ၊ ဒလန်တွေနဲ့ ရွာသားတွေဟာ အဆင်မပြေမှုတွေရှိခဲ့ပါတယ်။

ရွာလုံခြုံရေးဆောင်ရွက်နေတဲ့လူငယ်တွေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်မှု တချို့ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေကြောင့် ရွာကို စစ်တပ်က ဝင်ရောက်အကြမ်းဖက် မီးရှို့တာဖြစ်နိုင်တယ်လို့ ရွာသားတစ်ယောက်က ပြောပါတယ်။

ကင်းမရွာမီးလောင်နေစဉ် ပေါက်မြို့က မီးသတ်တပ်ဖွဲ့ဝင်တွေကိုလည်း အကြမ်းဖက်စစ်အုပ်စုက  သွားရောက်မီးငြှိမ်းသတ်ခွင့် မပြုခဲ့ဘူးလို့ သိရပါတယ်။ 

Photo- ပေါက်မြို့ဟစ်တိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up