
လက်နက်မဲ့ပြည်သူတွေပေါ် အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နဲ့ မညီတဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်အားလုံးရပ်တန့်ဖို့အပါအဝင် အချက် ၅ ချက်ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက ဒီကနေ့ မတ်လ ၁၉ ရက်မှာ ပူးတွဲ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
အဆိုပါ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံအတွင်း လှိုင်သာယာမြို့နယ်နဲ့ တခြားဒေသတွေမှာ လက်နက်မဲ့အရပ်သားတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ မကြာခဏ ဆိုသလို အမှောင်ထုကို အခွင့်ကောင်းယူပြီး ရက်စက်စွာအကြမ်းဖက်တာဟာ သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နဲ့ မလျော်ညီတဲ့အပြင် ကာကွယ်ဖို့ အလွန်ခက်ခဲကြောင်း ကနဦး ဖော်ပြထားတာပါ။
ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်ဖို့ အပါအဝင် ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးဖို့၊ စစ်အုပ်ချုပ်ရေးအမိန့်နဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားတာကို ရုပ်သိမ်းပေးဖို့၊ ဆက်သွယ်ရေးကန့်သတ်ထားမှုတွေပယ်ဖျက်ပေးဖို့၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင် မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လည်ပေးအပ်ဖို့ စတဲ့ အချက် ၅ ချက်ကို မြန်မာ စစ်တပ်ကို တောင်းဆိုထားတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးဖြစ်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြခွင့်နဲ့ သတင်း အချက်အလက် လွတ်လပ်စွာရယူနိုင်ခွင့်ကို ထောက်ခံအားပေးကြောင်း၊ အင်တာနက် ဖြတ်တောက်ထားခြင်းနဲ့ မီဒီယာကိုနှိပ်ကွပ်ထားခြင်းဖြင့် စစ်တပ်ရဲ့ စက်ဆုပ်ဖွယ်ရာ လုပ်ရပ်တို့ကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ကြောင်းလည်း ဖော်ပြထားတာပါ။
ဒီကြေညာချက်ကိုတော့ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂ အ ဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေဖြစ်ကြတဲ့ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နဲ့ ဆွီဒင်နိုင်ငံ - ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေက ပူးပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ ရက်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြို ခွင်းမှုတွေကြောင့် ကျဆုံးသူဦးရေဟာ ၂၂၄ ယောက်ရှိလာခဲ့ပြီဖြစ်ကာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၂၂၅၈ ယောက်ထိ ရှိနေခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
Photo-MPA