Homeမြန်မာသတင်းမကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၀ ထပ်မံတွေ့ရှိ
မကွေးတိုင်းမှာ ဇန်နဝါရီ ၉ ရက်နေ့က စလင်းမြို့နယ်က ၂၃ ယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် အယောက် ၇၀ ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
ပိုးတွေ့လူနာတွေကတော့ စလင်းမြို့နယ်က ၂၃ ယောက်၊ အောင်လံက ၁၂ ယောက်၊ မကွေးက ၇ ယောက်၊ ရေနံချောင်းက ၅ ယောက်၊ ရေစကြိုနဲ့ မင်းလှမြို့နယ်က ၄ ယောက်စီ၊ ချောက်၊ တောင်တွင်းကြီးနဲ့ မြိုင်မြို့နယ်တွေက ၃ ယောက်စီ၊ ပွင့်ဖြူနဲ့ မင်းဘူးမြို့နယ်တွေက ၂ ယောက်စီ၊ ဆင်ပေါင်ဝဲနဲ့ ဆိပ်ဖြူမြို့နယ်တွေက ၁ ယောက်စီ ဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြာရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
အဲဒီပိုးတွေ့လူနာတွေကတော့ ရောဂါပိုးရှိသူ နဲ့ ထိစပ်တဲ့သူတွေ၊ အနံ့ပျောက်တဲ့သူတွေ၊ စောင့်ကြည့် သံသယလူနာတွေ၊ အသွားလာကန့်သတ်ထားတဲ့သူတွေနဲ့ ယာဥ်မောင်း ယာဥ်နောက်လိုက်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ပိုးတွေ့လူနာတွေထဲမှာ မကွေးမြို့၊ မဲထီးလမ်းမှာ ကားဝပ်လျှော့လုပ်ကိုင်တဲ့ အတည်ပြုလူနာ ဖခင်ဖြစ်သူနဲ့ ထိစပ်ခဲ့တဲ့ ၉ လ အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်တယ်လို့ အတည်ပြုလူနာတွေကို ပို့ဆောင်ပေးတဲ့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းကနေ သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ဇန်နဝါရီ ၉ ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၈၁၃ ယောက်နဲ့ သေဆုံးသူ ၈ ယောက်ရှိပြီလို့ တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မင်းထီး