Homeမြန်မာသတင်း
ရေးမြို့နယ်၌ မွန်ညီညွတ်ရေးပါတီအနိုင်ရ၊ ဒေသဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်း
ရေးမြို့နယ်၌ မွန်ညီညွတ်ရေးပါတီအနိုင်ရ၊ ဒေသဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်း
DVB
·
November 17, 2020

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ နေရာပြည့်အနိုင်ရခဲ့တာဟာ မွန်နှစ်ပါတီပေါင်းစည်းသွားပြီး ဒေသခံမွန်လူမျိုးတွေအနေနဲ့ နိုင်ငံရေးအပေါ် စိတ်ပါဝင်စားမှုရှိလာလို့ဖြစ်တယ်လို့ မွန်ညီညွတ်ရေးပါတီ(MUP) ရေးမြို့နယ်အောင်နိုင်ရေးအဖွဲ့က ပြောပါတယ်။
မွန်လူမျိုးတွေအဓိကနေထိုင်တဲ့ ရေးမြို့နယ်အတွင်း လက်ရှိအာဏာရ အန်အယ်လ်ဒီပါတီ အပါအဝင် ၁၁ ပါတီက ကိုယ်စားလှယ်လောင်းတွေ၊ တစ်သီးပုဂ္ဂလနဲ့ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်းတွေအပါအဝင် ကိုယ်စားလှယ်လောင်း ၄၇ ဦး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
ရေးမြို့နယ်မှာ ဝင်ပြိုင်တဲ့ အရွေးချယ်ခံကိုယ်စားလှယ်လောင်း ၅ ဦးစလုံး အနိုင်ရရှိသွားတာမို့ မွန်ညီညွတ်ရေးပါတီအနေနဲ့ မြို့နယ်အတွက် ပိုမိုတာဝန်ရှိလာမှာဖြစ်ပြီး ဒေသဖွံ့ဖြိုးဖို့အတွက် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်တယ်လို့ မွန်ညီညွတ်ရေးပါတီ ရေးမြို့နယ် အောင်နိုင်ရေးအဖွဲ့ ဒုခေါင်းဆောင် နိုင်စိုးပိုင်က ပြောပါတယ်။
'' MUP ကိုယ်စားလှယ် ၅ ဦးလုံးအနိုင်ရခဲ့တော့ တာဝန်က ပိုကြီးသွားတယ်။ သူတို့ထက်မသာတောင် တန်းတူလုပ်ပြဖို့အတွက် အားသွန်ခွန်စိုက်ကြိုးစားရုန်းကန်ရတော့မယ်။ ဒီလိုမှမလုပ်ရင် ကျနော်တို့ရဲ့ အနိုင်ရလဒ်က ထူးခြားမှုရှိမှာမဟုတ်ဘူး။ ပိုပြီးလုပ်နိုင်အောင် တိုက်တွန်းရမှာပါ။ MUP အနေနဲ့ သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ခဲ့တယ်။ ဘယ်သူ့ကိုမှ ဖိအားလည်းမပေးခဲ့သလို ခြိမ်းခြောက်မှုလည်းမရှိခဲ့ပါဘူး။ ပတ်ဝန်းကျင်မှာ ဘယ်လိုပဲပြောနေပေမယ့် တရားမျှတစွာနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။''
အန်အယ်လ်ဒီပါတီမပါဝင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း မွန်နှစ်ပါတီ မပေါင်းစည်းရသေးခင် ရေးမြို့နယ်အတွင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအမည်နဲ့ ကိုယ်စားလှယ် ၄ နေရာစလုံးအနိုင်ရရှိခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရေးမြောက်ခြမ်းက မွန်အမျိုးသားပါတီအမည်နဲ့ ကိုယ်စားလှယ် ၂ ဦးအနိုင်ရရှိခဲ့ကာ မွန်နှစ်ပါတီပေါင်းစည်းပြီး ၂၀၂၀ မှာတော့ ကိုယ်စားလှယ် ၅ နေရာလုံး အနိုင်ရရှိခဲ့တာပါ။
''ပါတီကို ဝန်းရံသူအားလုံးက အမျိုးသားရေးကို ဦးတည်ပြီးပေးခဲ့ကြတာလို့မြင်တယ်။ အဓိကအနေနဲ့ ကိုယ့်လူမျိုးကိုကြည့်ပြီး မဲပေးခဲ့ကြတာလို့ပဲ မြင်ပါတယ်''လို့ နိုင်စိုးပိုင်က ပြောပါတယ်။
ရေးမြို့နယ်မှာတော့ မွန်ညီညွတ်ရေးပါတီက အဓိကပြိုင်ဘက်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျေးရွာတွေရဲ့ အဓိကမဲရလဒ်အများစုနဲ့ နေရာပြည့် အနိုင်ရရှိခဲ့တာပါ။
ခုရွေးကောက်ပွဲမှာ အထွေထွေရွေးကောက်ပွဲအတွင်း ရေးမြို့နယ်က မဲထည့်ခွင့်ရှိသူ ၂၃၅,၅၉၂ ဦးရှိပြီး မဲလာထည့်သူ ၉,၃၄၂ ဦးသာ မဲလာထည့်ခဲ့ကြပြီး မဲပေးမှုရာခိုင်နှုန်းအနေနဲ့ ၄၄ ဒသမ ၇၅ ရာခိုင်နှုန်း သာရှိခဲ့ပါတယ်။
ရေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ ဦးစိုးနိုင်က ''ခုရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာက စုစည်းမိသွားလို့ မွန်ပါတီက အနိုင်ရသွားတယ်လို့ မြင်ပါတယ်၊ ၅ ဦးစလုံး အနိုင်ရသွားခဲ့တော့ ပိုပြီးတော့ တာဝန်ယူမှုကြီးသွားတယ်။ ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာ အခြေအနေ ချိန်အခါကြည့်ပြီးတော့ ရှေ့က ကိုယ်စားလှယ်ထက် သာလွန်အောင် လုပ်ပြဖို့တော့ လိုအပ်ပါတယ် ''လို့ မှတ်ချက်ပြုပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း ၁၂ ဦး အနိုင်ရပြီး ပြည်ထောင်စုလွှတ်တော်အတွက် ၅ နေရာ အနိုင်ရရှိခဲ့ပါတယ်။
သတင်း- ဝင်းနိုင်သက်
ဓါတ်ပုံ - MUP FB Page + ဝင်းနိုင်သက်