Live
Home
မြန်မာသတင်း
လူမှုဖူလုံရေး အကျုံးမဝင်သည့် အလုပ်သမားများကို ငွေထောက်ပံ့နေပြီး လျှောက်ထားနိုင်
DVB
·
October 31, 2020
လူမှုဖူလုံရေးထောက်ပံ့ဖို့ အကျုံးမဝင်တဲ့ စက်ရုံလုပ်သားတွေနဲ့ နေ့စားပုတ်ပြတ် အလုပ်သမားတွေကို ငွေထောက်ပံ့နေပြီး လျှောက်ထားနိုင်တယ်လို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ တယောက်ကို ငွေကျပ် ၃ သောင်းနှုန်း ထောက်ပံ့နေတာဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နေ့အထိ  ထောက်ပံ့ငွေထုတ်ပေးလိုက်တဲ့ ဦးရေ  ၂၃,၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ ရန်ကုန်တိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်သွင်က “လျှောက်ထားချင်တဲ့ လုပ်သားသည် သက်ဆိုင်ရာ လုပ်ငန်းရှင်က လျှောက်ရမယ်။ လျှောက်ရင် ရန်ကုန်တိုင်းထဲမှာရှိတဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သွားရမယ်။ ဘယ်လို လျှောက်ရမယ်ဆိုတာကို အဲဒီမှာ စုဖွဲ့ထားတဲ့ စာရင်းကောက်ရေးအဖွဲ့က လမ်းညွှန်ပေးတယ်။ အဓိကအချက်ကတော့ လူမှုဖူလုံရေးအကျုံးမဝင်တဲ့သူတွေကို စိစစ်မှာဖြစ်တယ်” လို့ ပြောပါတယ်။ ရန်ကုန်တိုင်းထဲက အစိုးရအဖွဲ့ဌာနဆိုင်ရာ ၆၇ ခုမှာရှိတဲ့ လူမှုဖူလုံရေး အကျုံးမဝင်တဲ့ နေ့စား လုပ်သားဝန်ထမ်း ၁၄,၄၁၅ ယောက်၊ စက်မှုဇုန်ဧရိယာထဲမှာ လုပ်ကိုင်နေတဲ့ လုပ်သားအင်အား ၈,၈၀၇ ယောက်၊ စုစုပေါင်း လုပ်သား ၂၃,၂၂၂ ယောက်အတွက် ငွေကျပ်သိန်း ၇,၀၀၀ ကျော် ထုတ်ပေးထားပြီး ဆက်လက်လျှောက်ထားလာတာတွေကိုလည်း စိစစ်ပြီး ထပ်ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒီထောက်ပံ့တာကို ရဖို့အတွက် သက်ဆိုင်ရာလုပ်ငန်းရှင်တွေနဲ့ HR မန်နေဂျာတွေက မိမိတို့ဆီက လူမှုဖူလုံရေး မဝင်ထားတဲ့အလုပ်သမားစာရင်းကို ပြုစုပြီး  အွန်လိုင်းကဖြစ်ဖြစ်၊ တိုက်ရိုက် ရုံးကို သွားပြီး ဖြစ်ဖြစ် လျှောက်ထားပေးနိုင်မှာဖြစ်ပါတယ်။ စက်မှုဇုန်ဧရိယာအတွင်းက စက်ရုံအလုပ်ရုံအလုပ်ဌာနတွေဆိုရင်တော့ သက်ဆိုင်ရာ စက်မှုဇုန် ကြီးကြပ်ရေးကော်မတီတွေမှာ လျှောက်ထားရမှာဖြစ်သလို စက်မှုဇုန် ပြင်ပက စက်ရုံအလုပ်ရုံ အလုပ်ဌာန ဆိုရင်တော့ မြို့နယ်အလိုက်မှာရှိတဲ့ အလုပ်သမားဌာနတွေနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေမှာ လျှောက်ထားရမှာပါ။ လှိုင်သာယာစက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ ခင်မောင်ဦးက အွန်လိုင်းကလျှောက်ထားရင်လည်း စက်မှုဇုန်ကော်မတီက အဲဒီစက်ရုံဟာ တကယ်ရှိ၊ မရှိ၊ အဲဒီက လုပ်သားတွေ ဟုတ်၊ မဟုတ်ကို စိစစ်ပေးတယ်လို့ ဆိုပါတယ်။ လျှောက်ထားလာတဲ့ လျှောက်လွှာတွေအပေါ်စိစစ်ပြီး ရန်ကုန်တိုင်းအစိုးရက ထောက်ပံ့ငွေကြေးကို ထုတ်ပေးနေတာလို့ သူက ဆိုပါတယ်။ အဓိက ကတော့ လက်ရှိမှာ လည်ပတ်လုပ်ကိုင်ခွင့်မပေးထားတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့သူတွေကို ထောက်ပံ့နေတာလို့လည်း ဆက်ပြောပါတယ်။  “ကျန်းမာရေးဝန်ကြီးဌာနက အမိန့်အမှတ် ၁၀၇၊ ၁၀၈ နဲ့ အကျုံးမဝင်တဲ့ လုပ်ငန်းတွေပေါ့။ ထုတ်ကုန် လုပ်ငန်းတို့၊ ဆေးဝါးလုပ်ငန်းတို့၊ ရေသန့်လုပ်ငန်းတို့ အမိန့်အမှတ် ၁၀၇ နဲ့ ထုတ်ပြန်ထားတာရှိတယ်။ အဲဒါနဲ့ဆက်စပ်တဲ့လုပ်ငန်းဆိုပြီး အမိန့်အမှတ် ၁၀၈ နဲ့ ထုတ်ပြန်ထားတာရှိတယ်။ အဲဒီအမိန့်မှာ မပါတဲ့ လုပ်ငန်းတွေကို သူတို့က အဓိက ထောက်ပံ့ပေးတာ” လို့ ပြောပါတယ်။   ဒီထောက်ပံ့မှုအတွက်  ရန်ကုန်တိုင်းအစိုးရကို ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကနေ ငွေကျပ် ၂၀.၅၆၃ ဘီလီယံ ခွင့်ပြုပေးထားတာဖြစ်ပြီး လုပ်သားဦးရေ ၆ သိန်း ၈သောင်းကို ထောက်ပံ့ပေးနိုင်ဖို့ လျာထားတာပါ။ လက်ရှိမှာ ဒီငွေကြေးထောက်ပံ့မှုလျှောက်ထားတဲ့ သူတွေထဲမှာ အစိုးရဌာနတွေမှာ နေ့စားပုတ်ပြတ်လုပ်ကိုင်နေတဲ့ လုပ်သားတွေက ပိုများနေပါတယ်။ ဇာခြည်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024