DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး မှန်ကန်မျှတစွာ ရေးသားကြရန် ဒေါ်စုပြော
DVB
·
March 15, 2013
ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး မှန်ကန်မျှတစွာ ရေးသားကြရန် ဒေါ်စုပြော
Donate to DVB

လက်ရှိဖြစ်ပျက်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေအနေနဲ့ မှန်ကန်မျှတစွာ ဖော်ပြရေးသားစေချင်တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့ Win Unity ဟိုတယ်မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ပန်းတောင်း ဒေသခံတွေအကြား တခြား တတိယအုပ်စုရဲ့ ပယောဂတွေ ပါဝင်မှု ရှိ၊ မရှိနဲ့ပတ်သက်ပြီး သတင်းထောက်တဦးက မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာပါ။

[caption id="attachment_37444" align="alignright" width="300" caption="၀င်း ယူနတီ ဟိုတယ်လ်မှ မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်"][/caption]

ဒေါ်အောင်ဆန်းစုကြည်က “ဒါကတော့ မီဒီယာတွေအနေနဲ့ သေချာကြည့်ပြီးတော့ ရေးပေါ့။ အမေတို့အနေနဲ့ ပြောလို့မရဘူး။ သားတို့ကနေပြီး သံသယအဖြစ်ပြောမယ်ဆိုရင် တတိယအုပ်စု။ တတိယအုပ်စုနဲ့ပတ်သက်ရင် ဘာဖြစ်တယ်ဆိုတာ သားတို့ မြင်ခဲ့တာပဲ။ အမေတခုပဲ တောင်းဆိုချင်တယ် မှန်မှန်ကန်ကန်ရေးပါ။ မှန်မှန်ကန်ကန်နဲ့ မျှမျှတတရေးပါ။

ဒေသခံတွေတောင်းဆိုနေတဲ့ ရဲတွေကို အရေးယူပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ရဲတွေကို အရေးယူပေးဖို့ဆိုတာ အကြောင်းက မှန်ကန်မှ။ တရားဥပဒေအရ လူတိုင်းလူတိုင်းဟာ အပြစ်ထင်ရှားတယ်ဆိုတာ လုံးဝသက်သေပြည့်စုံမှ။ မပြည့်စုံရင် အပြစ်မရှိဘူး။ အမေတို့ရဲ့ တွေ့ရှိချက်အရ ဒီရဲတွေဟာ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူး။ ဒီဟာ မီးလောင်ဗုံးဆိုတာ မဟုတ်ဘူး။ ဒါဟာ မီးခိုးဗုံး။ မီးခိုးဗုံးကို မီးလောင်ဗုံးလို့ ပြောရမယ်ဆိုရင် အမေမပြောနိုင်ဘူး။ အမေကိုယ်တိုင် သွားပြီး သူတို့ရဲ့ ထုတ်လုပ်တဲ့စက်ရုံမှာ စမ်းသပ်မှုတွေ တွေ့ခဲ့တယ်။ ဘာကြောင့်၊ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ အစီရင်ခံစာထဲမှာ ပါတယ်။ အစီရင်ခံစာ ဖတ်ပြီးပြီလားဆိုတာလည်း မဖတ်ရသေးဘူး။ အစီရင်ခံစာက ၇၃ မျက်နှာပါတယ်။ ဒီဟာတွေကို အသေးစိတ် အမေက ဘယ်လိုလုပ်သွားပြန်ရှင်းမလဲ။”

လက်ပန်းတောင်းကြေးနီစီမံကိန်း ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီးလည်း အာဏာပိုက်တွေဘက်က အကြမ်းဖက်မှုတွေမလုပ်ဖို့ တာဝန်ယူတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “သွေးထွက်သံယို ရှိစရာအကြောင်းမရှိဘူး။ ဒါပေမယ့် ဥပဒေဘောင်အတွင်းက လုပ်ရမှာပဲ။ စီတန်းလှည့်လည်ခွင့်ဆိုတာ ဥပဒေဘောင်အတွင်းက ခွင့်ပြုချက်တင်ရမယ်။ သူတို့က ပြောတယ်။ ခွင့်ပြုချက်မပေးဘူး၊ အဲတော့ ဘယ်တုန်းကတောင်းလဲဆိုတော့ ၁၀ လပိုင်းက။ အမေ အာဏာပိုင်တွေနဲ့ ပြောပြီးပြီ။ စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုချက်တောင်းရင် ပေးလိုက်ပါဆိုတော့ ပေးပါမယ်တဲ့။ တောင်းပြီး ခွင့်ပြုချက်ယူပြီး ဆန္ဒပြကြပါ။ ခွင့်ပြုချက်မယူရင်တော့ ဥပဒေဘောင်အတွင်းက လုပ်သွားမှာပဲ။ ဥပဒေက ကိုယ်တယောက်တည်းကိုပဲ တာဝန်ယူပြီး တခြားသူတွေကို တာဝန်မယူဘူးဆိုတာ မဟုတ်ဘူး။ ကိုယ်လည်း ဥပဒေဘောင်အောက်မှာ နေရမယ်။ သူများတွေလည်း ဥပဒေဘောင်အောက်မှာ နေရမယ်။ အာဏာပိုင်တွေဘက်ကလည်း အကြမ်းဖက်နှိပ်နင်းမှုတွေကို လုပ်ဖို့ အခြေအနေမရှိပါဘူး။ တဖက်ကနေပြီး ရုန်းရင်းဆန်ခတ်မဖြစ်ဘူး၊ အကြမ်းမဖက်ဘူးဆိုရင် အာဏာပိုင်တွေဘက်က အကြမ်းမဖက်ဖို့ တာဝန်ခံပါတယ်။” လို့ ပြောပါတယ်။

ဆည်တည်ရွာဟောင်း ရွှေ့ပြောင်းဖို့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်က သူနဲ့မသက်ဆိုင်ကြောင်း၊ လုပ်ငန်းခွင်အတွင်း စာချုပ်ချုပ်ပြီး သဘောတူထားတဲ့ကိစ္စဖြစ်ကြောင်း၊ သူအနေနဲ့ ဒေသတခုလုံးပြန်လည်ဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးအတွက် ဘယ်လိုလုပ်မယ်ဆိုတာ အကြံပြုပေးမယ်လို့ ပြောပါတယ်။

အစိုးရက ရင်ဆိုင်ရမယ့်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ကြားခံ အမုန်းခံပြီး ဓားခုတ်ရာ လက်ဝင်လျှိုတယ်ဆိုပြီး ပြောဆိုနေကြတဲ့ကိစ္စအပေါ်ကိုလည်း သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “အမုန်းခံသင့်ရင် အမုန်းခံရမှာပဲ။ နိုင်ငံရေးလုပ်တယ်ဆိုတာ အန်တီအစကတည်းက ပြောတယ်။ ကိုယ်မှန်တယ်ထင်တာလုပ်လို့ရှိရင် အမုန်းခံရဲရမယ်။ အမုန်းမခံချင်ရင် နိုင်ငံရေးမလုပ်နဲ့။ နိုင်ငံရေးဆိုတာ အချစ်ခံချင်လို့ လုပ်နေတာမဟုတ်ဘူး။ အချစ်ခံချင်လို့ လုပ်တယ်ဆိုတာ နိုင်ငံရေးမဟုတ်တော့ဘူး။ ဒါက ဇာတ်ကနေတာပဲ။ အန်တီတို့မှာ ဇာတ်ကဖို့ အချိန်လည်း မရှိပါဘူး။

လက်ပန်းတောင် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို မှန်ကန်တယ်ထင်လို့ အကောင်းဆုံး လုပ်ခဲ့တာဖြစ်ပြီး လုံးဝတာဝန်ယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကော်မရှင်ရဲ့ စီရင်ခံစာက အမေ မှန်ကန်တယ်ထင်လို့ အကောင်းဆုံးလုပ်ခဲ့တာ။ အဲဒီဟာကို အမေတာဝန်ယူတယ်၊ ခေါင်းခံတယ်။ ဒီကိစ္စကို သဘောမတူရင် မတူခွင့်ရှိတယ်။ အတင်းအကျပ် သဘောတူရမယ်လို့ မဆိုလိုဘူး။”

ဒေါ်အောင်ဆန်းစုကြည် win unity ဟိုတယ်က မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီနောက် Myanmar Yang Tse Copper Limited ကို လည်ပတ်ပြီး ဆည်တည်းရွာ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013