အာဏာရှင်စနစ်ကြောင့် စေ့စပ်ညှိနှိုင်းဆွေးနွေး အဖြေရှာမှု အားနည်းခဲ့ဟု ဒေါ်စုပြောကြား
DVB
·
March 4, 2013
အာဏာရှင်စနစ်အောက်မှာ အကြာကြီးနေခဲ့ရတဲ့အတွက် နိုင်ငံမှာ စေ့စပ်ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာတဲ့ နည်းလမ်း အားနည်းခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
မတ်လ ၂ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျောင်းစုကျေးရွာမှာ ပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံမှာ ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာတဲ့နည်းက အားနည်းတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ဟာ အာဏာရှင် စစ်အစိုးရလက်အောက်မှာ အကြာကြီးနေခဲ့ရတော့ တချက်လွှတ်အမိန့်နဲ့ အမိန့်တိုင်း လုပ်လာတယ်ဆိုတော့ ပြည်သူတွေက ကိုယ့်အတွက် အခွင့်အလမ်းကို စဉ်းစားလို့ မရခဲ့ဘူး။ အခွင့်အလမ်းမရလို့ ပြည်သူတွေက မစဉ်းစားခဲ့ကြဘူး။ အားလုံးက ၀ိုင်းပြီးတော့ ပြဿနာတခုကို ဖြေရှင်းဖို့ ညှိနှိုင်းရမယ်၊ ဖြေရှင်းရမယ်၊ ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်ဆိုတဲ့ အလေ့အထတွေကလည်း အားနည်းခဲ့ကြတယ်။ ဒီဟာတွေကို အားသာအောင် ပြန်လုပ်ရမယ်” လို့ ပြောပါတယ်။
ပြဿနာတွေကို ဖြေရှင်းရာမှာလည်း သဘောထားကြီးကြီးနဲ့ ဖြေရှင်းကြဖို့ လိုပြီး ပြည်သူတွေအနေနဲ့ အပေးအယူ လုပ်တတ်တဲ့စိတ်မျိုး တည်ဆောက်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွား ပါတယ်။
“ကျမတို့နိုင်ငံမှာ ပြဿနာတွေကတော့ အများကြီးပါပဲ။ သဘောထားကြီးကြီးနဲ့ ဖြေရှင်းဖို့က အရေးကြီးပါတယ်။ ငါတယောက် ကောင်းစားရေးဆိုတဲ့ စိတ်ဓာတ်နဲ့တော့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အပေးအယူဆိုတာ ရှိရပါမယ်။ အပေးအယူဆိုတာ တချို့က ကိုယ်ကချည်းပဲ ပေးနေပြီး တဖက်က ယူတယ်လို့ ထင်တယ်။ ဒီလိုလည်း မဟုတ်ဘူး။ အပေးအယူဆိုတာ တခါတလေ ကိုယ်က ပေးရမယ်၊ တခါတလေ ကိုယ်က ရမယ်။ ပြည်သူတွေအနေနဲ့ အပေးအယူ လုပ်တတ်တဲ့ စိတ်မျိုးကို တည်ဆောက်ဖို့ လိုချင်တယ်။”
အထူးသဖြင့် လူငယ်တွေအနေနဲ့ ဒီလိုစိတ်ထားမျိုး တည်ဆောက်ဖို့ လိုတယ်လို့ ဆိုပါတယ်။
“လူငယ်တွေဟာ ကျမတို့နိုင်ငံရဲ့ အနာဂတ်ပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နိုင်ငံတာဝန်ဆိုတာ လူငယ်တွေရဲ့ ပခုံးပေါ် ရောက်လာမှာပဲ။ ဒါက သဘာဝပဲ။ လူကြီးတွေ တဖြည်းဖြည်း ဆုံးပါးသွားတဲ့အခါမှာ လူငယ်တွေက ၀င်ရောက်ပြီး နေရာဝင်ယူရမှာပဲ။ နေရာယူတယ်ဆိုတာ အဓိကအားဖြင့် တာဝန်ယူတာ ဖြစ်တယ်ဆိုတာလည်း သတိပေးချင်ပါတယ်။ တချို့ နေရာယူတယ်ဆိုတာ အခွင့်အရေးယူတယ်လို့ ထင်ကြတယ်။ ဒီလိုမြင်လို့ မဖြစ်ပါဘူး။ တကယ်တော့ တာဝန်ဟာ အဓိကပါပဲလို့ လူငယ်တွေကို သတိပေးချင်ပါတယ်။”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ အလုပ်လက်မဲ့လူငယ်တွေ ဘယ်နှယောက်ရှိတယ်ဆိုတာလည်း အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ကို စိစစ်ပြီး စစ်တမ်းကောက်ဖို့ တာဝန်ပေးထားတယ်လို့ ပြောပါတယ်။
လူထုဟောပြောပွဲ တက်ရောက်လာတဲ့ ပြည်သူတွေကလည်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးဖို့နဲ့ အလုပ်မရှိလို့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ကြပါတယ်။
ပုဗ္ဗသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်ဟာ ကျန်းမာရေးအခြေအနေကြောင့် ၃ လလောက် အနားယူရမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အဲဒီကာလအတွင်း မြို့နယ်ရဲ့ တာဝန်တွေကို အစားထိုး တာဝန်ယူသွားမယ်လို့ သိရပါတယ်။ Read more