DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ရန်ကုန်မြို့တွင် ဆန္ဒပြ
DVB
·
November 26, 2012
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ရန်ကုန်မြို့တွင် ဆန္ဒပြ
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ ဒေသခံတွေ သပိတ်စခန်းတွေဖွင့်လှစ်ပြီး တောင်းဆို ဆန္ဒပြနေကြသလို ရန်ကုန်မြို့မှာလည်း ဆူးလေဘုရားအနီးမှာ ဒီစီမံကိန်း ရပ်ဆိုင်းရေး ဒီနေ့ညနေ  ၄ နာရီလောက်မှာ ဆန္ဒပြနေကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့  မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမိုးဃ်သွေးက

“အဓိကက ကြေးနီစီမံကိန်းက လုပ်နေတာကြာပြီ။ ပြည်သူကိုလည်း တိတိကျကျ အသိပေး ရှင်းလင်းတာ မရှိဘူး။ နောက် စီမံကိန်းတွေလုပ်တဲ့အခါမှာ မလုပ်ခင် ကြိုတင်ပြင်ဆင်ရမယ့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု သုံးသပ်ချက်၊ လူမှုဘဝ သက်ရောက်မှု သုံးသပ်ချက်တို့ကို တိတိကျကျ မလုပ်ထားတော့ ကြေးနီစီမံကိန်းက ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေက ပတ်ဝန်းကျင်လယ်မြေတွေကို ထိခိုက်တဲ့အပြင် ဒေသခံတွေကိုပါ အဆိပ်သင့်တာတွေဖြစ်လာတယ်။ အဲနားက မြစ်ချောင်းတွေ ရေတွေသောက်သုံးလို့ မရတော့တာတွေ ဖြစ်လာတယ်။ အခု လက်ရှိအစိုးရက ဒီစီမံကိန်းက နိုင်ငံတော်အတွက် အကျိုးအမြတ်ဖြစ်စေတယ်ဆိုတာမျိုးတွေ ပြောနေတယ်။ ကျနော်တို့ သိထားရတာက စီမံကိန်းကို လက်ရှိလုပ်နေတာက မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နဲ့ ၀မ်ပေါင်တို့ တွဲလုပ်နေတာ။ စီးပွားရေးဦးပိုင်ဆိုတာက အခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ စစ်အာဏာရှင်လက်ထက်ကတည်းက တိုင်းပြည်သယံဇာတတွေအားလုံး စားအုန်းဆီကအစ အားလုံးကို လက်ဝါးကြီးအုပ်ထားပြီး အမြတ်ထုတ်နေတဲ့ ကုမ္ပဏီဖြစ်တယ်။ တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတယ်ပြောနေပေမယ့် တပ်ထဲက အောက်ခြေစစ်သားတွေကို ထိထိရောက်ရောက် ပံ့ပိုးပေးနေတာမရှိဘူး။ စစ်သားတွေဘ၀ မကောင်းစားသလို ပြည်သူတွေလည်း အမြတ်ထုတ်ခံရတယ်။ တကယ်ကောင်းစားသွားတာက ဗိုလ်ချုပ်ဟောင်းတွေ၊ ခေါင်းဆောင်ပိုင်းက လူတွေပဲဖြစ်တယ်။ ဒီလို သူတို့အကျိုးစီးပွားအတွက်လုပ်နေတာကို ပြည်သူတွေလက်မခံဘဲ ဆန္ဒဖော်ထုတ်နေတာဖြစ်တယ်။”

လက်ရှိ လက်ပန်းတောင်းတောင်က ဒေသခံတွေ ဆန္ဒထုတ်ဖော်ကြသလိုပဲ ဒီစီမံကိန်းဟာ နိုင်ငံအရေး ဖြစ်လာတဲ့အတွက် သူတို့အနေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီစီမံကိန်းမရပ်တန့်သရွေ့ တခြားမြို့တွေမှာလည်း အလားတူဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“ရပ်ဆိုင်းသွားအောင် ကြိုးစားမယ်။ လုံးဝမရပ်ဘူးဆိုရင်တော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ငန်းခေတ္တဆိုင်းငံ့ပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်စေချင်တယ်။ ဒါဟာ အနည်းဆုံးလုပ်သင့်တဲ့အချက်။ ဘာလို့ဆိုတော့ ဒီလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူတွေထိခိုက်မှုတွေ ဒါတွေကို စစ်ဆေးဖို့ဆိုတာ အချိန်ယူရပါတယ်။”

ဒီဆန္ဒပြမှုကို ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ ဗကသ၊ မျိုးဆက်သစ်လူငယ်များအဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ ပူးပေါင်းပြီး စုစုပေါင်း လူအင်အား ၁၀၀ ကျော် ဆန္ဒပြခဲ့ကြတယ်။

အစောပိုင်းတုန်းကတော့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ခဲ့ပေမယ့် လုံခြုံရေးတင်းကျပ်ထားမှုကြောင့် ဆူးလေဘုရားအနီးမှာ စုဝေး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်လို့ လက်ပန်းတောင်းတောင်မှာ သပိတ်စခန်း ၄ ခု ဖွင့်လှစ်ဆန္ဒပြနေကြပြီး နိုဝင်ဘာ ၂၃ ရက်နေ့ကတော့ လွှတ်တော်မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေး ကော်ရှင်ဖွဲ့စည်းစစ်ဆေးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာလည်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက သပိတ်ကော်မတီက တာဝန်ရှိသူတွေကို လိုလားချက်တွေ သွားရောက်မေးမြန်းခဲ့ပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013