Live
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသွားသူများကို နိုဝင်ဘာလလယ် ပြန်စတင်လက်ခံရန် သဘာတူ
DVB
·
October 31, 2018
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို နိုဝင်ဘာလလယ်မှာ  မြန်မာနိုင်ငံဘက် ပထမဆုံးအသုတ် ပြန်စတင်ခေါ်ယူဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူခဲ့ကြပါတယ်။ အောက်တိုဘာ ၃၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်ဘက်နိုင်ငံခြားရေးဌာန အတွင်းဝန်တွေ တွေ့ဆုံဆွေးနွေးအပြီးမှာ ဒုက္ခသည်ပြန်ပို့ဖို့ သဘောတူခဲ့ကြတာလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတန်းအတွင်းဝန် ဦးအောင်ကျော်ဇံက ဒီဗွီဘီကို  ပြောပါတယ်။ “၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတုန်းက ဘင်္ဂလားဒေ့ရှ်ဘက်က လူ ၈၀၀၀ ကျော် စာရင်းပေးထားတာရှိတယ်။ ကျနော်တို့ဘက်က ပြန်စိစစ်ပြီး ပို့ထားတာ လူ ၄၂၀၀ ကျော် ရှိတယ်။ အခု အဲ့ဒီသူတွေကို ပြန်လက်ခံဖို့ သဘောတူခဲ့ကြတာ။” နေရပ်ပြန်လာမယ့်သူတွေကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ငါးခူရစခန်းကနေ ပြန်လည်လက်ခံမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း နိုဝင်ဘာ ၁၅ရက်ကစပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် ၂၀၀၀ ကို ပထမဆုံးအနေနဲ့ ပြန်လည်လက်ခံဖို့ရှိတယ်လို့ မနေ့က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ "မနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးအစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်မှာလုပ်တယ်။ လုပ်တော့ ကျနော်တို့ဆီက ဒေါက်တာကိုကိုနိုင်ပါတယ်။ သွားပြီးတော့ သူတို့အစည်းအဝေးလုပ်တဲ့အခါ ၁၅ ရက်နေ့လောက်ကို ၂၀၀၀ ကျော်အတွက်ကို စပြီးတော့ ပြန်ပြီးတော့ နှစ်နိုင်ငံ သဘောတူ စာချုပ်အတိုင်း စမယ်လို့တော့ပြောလိုက်တယ်။ ဒါပေမယ့် ကျနော်တို့ဆီကို အဲ့လို စာကြီးတော့ရောက်တာတော့ ကျနော်နဲ့တော့မဆိုင်ဘူး။ တိုက်ရိုက်တော့ မရောက်ဘူးပေါ့။ ကျနော်တို့က စီစဉ်ရမှာပေါ့" လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာကိုပြန်ပို့မယ့် နေရပ်စွန့်စွာသူ ၈၀၃၂ ဦး ရှိတယ်လို့ စာရင်းပေးထားပေမယ့် ပေးပို့တဲ့အချက်အလက်တွေ မပြည့်စုံတဲ့အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေ ၇၁၅၇ ဦး စိစစ်ခဲ့ပါတယ်။ စိစစ်ရာမှာ ၅၀၈၃ ဦးက မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ အထောက်အထားတွေတွေ့ရပြီး အိမ်ထောင်စုစာရင်း လက်ခံထဲမပါတာ ၂၀၇၄ ဦးရှိတယ်လို့ အောက်တိုဘာ ၂၉ ရက်က သမ္မတအိမ် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဒုက္ခသည်ပြန်ပို့ရေး အပါအ၀င် အချက်သုံးချက် သဘောတူခဲ့ကြပြီးနောက် အခုလို နိုဝင်ဘာလမှာ ဒုက္ခသည်တွေ ပြန်ပို့မယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ခုလို သဘောတူညီချက်ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဌာနက ကြေညာထား ပြီး  မြန်မာအစိုးရက တရားဝင်သတင်း ထုတ်ပြန်တာ မရှိသေးပေးမယ့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံမတ်ကြီးကတော့ ဒီကိစ္စ ကုလသမဂ္ဂအစည်းအဝေးမှာ ထုတ်ဖော်ပြောထားပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းမှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အာဆာ အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက် မောင်တောက မွတ်စလင် ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ သတင်း- ရွှေအောင်- နေဖြိုးဝင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024