DVB Logo
Home
မြန်မာသတင်း
အထက်မြတ်လှဲရွာတွင် စစ်ရှောင်အပါအဝင် လူ ၂၀၀၀ ကျော် ရိက္ခာပြတ်လပ်
DVB
·
March 15, 2019
အထက်မြတ်လှဲရွာတွင် စစ်ရှောင်အပါအဝင် လူ ၂၀၀၀ ကျော် ရိက္ခာပြတ်လပ်
Donate to DVB

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာမှာ စစ်ရှောင်ဒုက္ခသည်တွေ အပါအဝင် လူဦးရေ ၂၀၀၀ ကျော် စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်) တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အထက်မြတ်လှဲ စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းမှာ ဒုက္ခသည် ၅၀၀ ကျော်နဲ့ ကျေးရွာသား ၁၅၀၀ ကျော် ပိတ်မိနေပြီး စားနပ်ရိက္ခာ ပြတ်လပ်နေတာလို့ အထက်မြတ်လှဲကျေးရွာ ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးထွန်းလှိုင်က ပြောပါတယ်။

“ကျနော်တို့ အထက်မြတ်လှဲနဲ့ တမိုင်လောက်အကွာမှာ တိုက်ပွဲတွေ တော်တော်ပြင်းထန်နေတယ်။ ကျနော်တို့ ပြေးစရာလည်း မရှိတော့ပါဘူး။ ရွာမှာ ဒုက္ခသည်တွေ ရောက်လာတာနဲ့ ပြေးဖို့လည်း မရတော့ဘူး။ ကျောက်တော်နယ်က တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ ရှိပါတယ်။ ၅၄၇ ယောက်ပါ။ အခု ဒုက္ခသည်တွေ အခက်ခဲရှိသလို ကျနော်တို့ တရွာလုံးလည်း ဒုက္ခရောက်နေပြီ။ ကျနော်တို့ရွာမှာ အိမ်ခြေ ၂၅၀၊ လူဦးရေ ၁၅၀၀ မှာ ထမင်းငတ်တဲ့သူလည်း ရှိပါတယ်။ ဒါပေမယ့် ရှိတဲ့သူကတော့ နည်းနည်းဖြန့်ဝေပေးပါတယ်။ လုံးဝ အပြင်ထွက်လို့လည်းမရ။ တော​တောင်​​တွေလည်း ဝင်လို့လည်း မရဘူး။”

အဲဒီ အထက်မြတ်လှဲရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတာ ၈ ရက်လောက် ရှိနေတာကြောင့် တောင်ယာလုပ်ကိုင် စားသောက်ကြတဲ့ ကျေးရွာသားတွေ အနေနဲ့လည်း တောထဲမသွားရတဲ့အတွက် အခုလို စားဝတ်နေရေး အခက်ကြုံနေကြရတာလို့ ရွာသားတွေက ဆိုပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန် ဒီဇင်ဘာလကတည်းက ကျောက်တော်မြို့နယ် ပညာဝ၊ မီးကျောင်းခုတ်၊ ခမောင်း၊ လေကွီး၊ ပုလဲကိုင်း၊ ပီချောင်းနဲ့ ငစရိုင်းကိုင်း စတဲ့ရွာ ၉ ရွာက မြိုတိုင်းရင်းသား ၅၄၇ ဦးဟာ အဲဒီရွာကို တိမ်းရှောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

ကန်စောက်ကျေးရွာက ထွက်ပြးလာတဲ့ ဦးမောင်ကျော်စိန်က “အပေါ်က ရဟတ်ယာဉ်နဲ့ တညလုံး ပစ်ချတယ်။ တောင်တန်းတွေကိုရော အကုန်​လှမ်းပစ်တာပါ။ မိုးလင်းတော့ အမြောက်ကြီးတွေနဲ့ ပစ်တယ်။ ဒီမှာရှိတဲ့ ဒုက္ခသည် အကုန်ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ အခု ရွာမှာ တယောက်မှမရှိတော့ဘူး၊ ယောက်ျားအနည်းငယ်သာ ကျန်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီနောက်ပိုင်း တလ​လောက်ထိတော့ ကယ်ဆယ်ရေး အကူညီအတွေ ရခဲ့ပေမယ့် အကူအညီ ပြတ်တောက်နေတာ ၂ လဝန်းကျင် ရှိနေပြီဖြစ်တာကြောင့် အမြန်ဆုံး ကူညီပေးကြဖို့ ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူတွေက တောင်းဆိုပါတယ်။

ဦးထွန်းလှိုင်က “တိုက်ပွဲအခြေအနေက မနေ့ကလည်း တနေ့လုံး၊ ဒီနေ့လည်း တနေ့လုံး လေယာဉ်နဲ့ ပစ်နေတယ်။ လက်နက်ကြီးတွေလည်း အမြဲတမ်း ပစ်ခတ်နေတယ်။ ကျည်တွေ ကျလာတာတော့ ရှိတယ်။ ဒဏ်ရာရတာတွေတော့ မရှိကြဘူး။ ဒါကြောင့် ရိက္ခာရရှိနိုင်မယ်ဆိုရင် လိုချင်တယ်” လို့ ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး မြို့နယ် ၆ ခုလောက်မှာ ဒုက္ခသည် တသောင်းကျော်လောက် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာတွေ ပြတ်လာနေတယ်လို့ ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆိုပါတယ်။

“တိုက်ပွဲဖြစ်လာတဲ့အမျှ လှူဒါန်းမှုတွေကလည်း နည်းလာတယ်။ စစ်ဘေးရှောင်တွေ တဖြည်းဖြည်း များလာတယ်။ အခုဆိုရင် တသောင်းကျော်လာနေပြီပေါ့။ ဒီက ကူညီတဲ့အဖွဲ့တွေ လိုက်မမိတော့ဘူး” လို့ ပြောပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013