DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့ ရေကြီးမှုကြောင့် လူ ၁ ဦး သေဆုံး
DVB
·
August 20, 2012
လားရှိုးမြို့ ရေကြီးမှုကြောင့် လူ ၁ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  တောင်ကျချောင်း ရေလျှံကာ ရေကြီးတဲ့အတွက် လူ ၁ ဦး သေဆုံးခဲ့သလို အနည်းဆုံးရပ်ကွက် ၇ ခုနဲ့ အနီးအနားပတ်ဝန်းကျင်က လယ်စိုက်ခင်းတွေမှာပါ ရေလွှမ်းနေပါတယ်။

ဩဂုတ် ၁၈ ရက်ကစပြီး လားရှိုးမြို့ ရပ်ကွက် ၁  ထဲကို ရေတွေ စ၀င်လာခဲ့ပြီး ဩဂုတ် ၁၉ ရက်နေ့မှာ  ရပ်ကွက်ပေါင်း ၇ ခု၊ အိမ်ခြေပေါင်း ထောင်ကျော် ရေလွှမ်းသွားပြီး  ရပ်ကွက် ၁ မှာ လူ ၁ ဦး ရေထဲမျောပါ  သေဆုံးခဲ့တယ်လို့ လားရှိုးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

“မနေ့တုန်းက လူတယောက် ဆီဆိုင်တွေက ပေပါပုံး အလွတ်တွေ မျောလာတာကို လိုက်ဆယ်ရင်းနဲ့ သေတယ်။ သေမှုသေခင်း ဖွင့်ထားတယ်။ အသက်က ၃၅-၄၀ ပတ်ဝန်းကျင်လို့ ပြောတယ်။ ဆင်းရဲသားတွေဆိုတော့ ပေပါပုံးတွေ မျောလာတော့ လိုက်ဆယ်ကြတာပေါ့။ တချို့လည်း ကြိုးတွေ တန်းပြီး ဆယ်ကြတယ်။ ရောင်းစားရင် ၁၀၀၀-၁၅၀၀ လောက် ရတယ်ဆိုတော့ လိုက်ဆယ်ရင်း တယောက်မျောပါသွားတာ။”

လားရှိုးမြို့ လယ်ကွင်းနဲ့ စိုက်ခင်းတွေ ရေလွှမ်းပြီး ရပ်ကွက် ၇ ထဲက အစိုးရမူကြိုကျောင်း၊ အမက ၂၄၊ အမက ၁၇ စတဲ့ကျောင်းတွေရော လားရှိုး နည်းပညာ ကောလိပ်ပါ ပိတ်ထားရတယ်လို့ ဒေသခံက ပြောပါတယ်။

လားရှိုးမြို့ မြောက်ဘက် လွယ်ရိုး တောင်တန်းပေါ်က ကျလာတဲ့ တောင်ကျချောင်းရေတွေဟာ မြို့တောင်ဘက်ကို ပတ်ပြီးစီးဆင်းနေတဲ့ အေဒီနဲ့ နမ့်ခိုက်ချောင်းကနေတဆင့် မြို့ထဲက ချောင်းငယ်တွေထဲ ၀င်လာခဲ့တာပါ။

ရပ်ကွက် ၁ ကျောက်တောင်ဘက်မှာ ရေတွေ ခေါင်မိုးထိ မြှုပ်သွားပြီး ရပ်ကွက်  ၅၊ ၇၊ ၈၊ ၉၊ ၁၁ နဲ့ ၁၂ တွေမှာ  ဒူးထိ၊ တချို့ရပ်ကွက်က ရင်ခေါင်းထိ ရေတက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စနေနေ့က မိုးသည်းထန်တာရော၊ လားရှိုးမြို့မြောက်ဘက် ၂ မိုင်အကွာက ရေကန်တောင်ဆည် ဖောက်ချလိုက်တာကြောင့် ခုလိုရေတွေ အလျင်အမြန် တက်လာတာဖြစ်ပြီး အမှိုက်သရိုက် ဆယ်ယူစနစ် မကောင်းလို့ ချောင်းရေ ပိတ်ဆို့ရတာလို့လည်း လားရှိုးသူတဦးက ပြောပါတယ်။

“သုံးလေးနှစ်အတွင်းပေါ့။ မြောင်းတွေကလည်း ကျဉ်းသွားတယ်။ အမှိုက်တွေကလည်း ပစ်တယ်။ ပြန်လည်း မဆယ်ကြဘူး။ ချောင်းကလည်း ကျဉ်းသွားတယ်။ မြေလည်း နိမ့်သွားတာလေ။ အဲလိုဖြစ်တော့ ရေက ပြန်ကြီးနေတာ။”

ရေကြီးတဲ့အတွက် တဲအိမ်တချို့နဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ရေထဲမျောပါသွားပြီင်္း   ချောင်းဘေးနား ကပ်ဆောက်ထားတဲ့ အုတ်တံတိုင်းတွေ ပြိုကျသလို  ချောင်းကူးတံတားတွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ရေကြီးမှုဟာ နှစ် ၂၀ ကျော်အတွင်း အဆိုးဆုံးဖြစ်ပြီး မြို့ရဲ့ ၃ ပုံ ၁ ပုံလောက် ရေလွှမ်းခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ရေဘေးဒုက္ခသည်စခန်း ဖွင့်လှစ်တာတွေ မကြားသေးပေမယ့် ဒုက္ခရောက်သူတွေကို ကြက်ခြေနီအဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်နဲ့ စေတနာရှင် ပြည်သူတွေက ထမင်းထုပ်တွေ ဝေငှတာ၊ ရေထဲရောက်နေတဲ့သူတွေကို ဘေးလွတ်ရာ ကယ်ထုတ်တာတွေ ရှိပါတယ်။ ဒီနေ့မနက် ၇ နာရီလောက်ကစပြီး ရေတဖြည်းဖြည်း ပြန်ကျပြုနေပြီလို့ ဒေသခံက ပြောပါတယ်။

(ဓာတ်ပုံ - လားရှိုးဒေသခံတဦး)

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/lasho flooding/]

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013