ပြည်သူစိတ်ဝင်စားသည့်အမှုများ အချိန်မဆွဲဘဲ အမြန်အမိန့်ချရန် သမ္မတပြော
DVB
·
July 29, 2018

ပြည်သူတွေ စိတ်ဝင်စားနေတဲ့အမှုတွေမှာ တရားရေး တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ကြန့်ကြာမှုမရှိဘဲ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် စီရင်ချက်ချဖို့လိုတယ်လို့ သမ္မတဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးမဏ္ဍိုင် ၃ ခုက တာဝန်ရှိသူတွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ ဒီနေ့ တွေ့ဆုံစဉ် သမ္မတက ပြောကြားသွားတာပါ။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှုတွေ စီရင်ချက်ချမှတ်တဲ့နေရာမှာ မှန်မှန်နဲ့ မြန်မြန်ဖြစ်စေချင်ကြောင်းနဲ့ ကြန့်ကြာမှုမရှိစေဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
တချို့အမှုတွေမှာ ကြန့်ကြာမှုတွေရှိနေကြောင်း မီဒီယာတွေမှာ ဖော်ပြတာတွေကတဆင့် ကြားသိနေရပြီး ဒီလိုကြန့်ကြာမှုတွေက ပြည်သူတွေစိတ်ဝင်စားနေတဲ့အချိန်မှာ မထုတ်ဘဲ နားဝေးမျက်စိဝေး ပြည်သူတွေ သွေးအေးပြီး မေ့မေ့ပျောက်ပျောက်ဖြစ်တဲ့ အချိန်မျိုးမှ ထုတ်ချင်တာကြောင့်ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
ဒါတွေက ရှေ့နေတွေ၊ ဥပဒေအရာရှိတွေ တရားရုံးဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေက နားလည်မှုရှိရှိ အချိန်ဆွဲကြတာကြောင့်ဖြစ်ပြီး အဲလိုမျိုး မဖြစ်စေချင်ဘူးလို့ ပြောဆိုသွားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “အများပြည်သူ အာရုံစိုက်တဲ့ အမှုတွေ ရန်ကုန်တိုင်းထဲမှာ ဖြစ်ပေါ်ခဲ့တယ်။ ရန်ကုန်တိုင်းကို ဘာထောက်ပြသွား လဲဆိုတော့ ဒီဥပဒေတွေဟာ ပြည်သူတွေက အာရုံစိုက်နေချိန်မှာ မီဒီယာတွေကလည်း ဖော်ပြ နေတယ်။ အဆိုပါ ဥပဒေမျိုးကို ရန်ကုန်တိုင်း တရားလွှတ်တော်အနေနဲ့ အချိန်ဆွဲနေတယ်။ ဘာလို့ အချိန်ဆွဲနေလဲ။ ပြည်သူတွေ သွေးအေးတဲ့အခါကျမှ ပြန်လည်ဖော်ပြဖို့ ရည်ရွယ်တာဖြစ် တယ်ဆိုပြီး သူ အတိအလင်း ထောက်ပြသွားတယ်။ အန်ကယ်ကြိုက်တယ်။ ဒါတကယ်လည်း မှန်ပါတယ်။ ဒီအမှုတွေ ကြန့်ကြာနေတယ်။ ပြည်သူလူထု စိန်ဝင်စားတဲ့အခါမှာ အချိန်ဆွဲနေတယ်။ ပြည်သူလူထု သွေးအေးပြီးတော့ အာရုံမစိုက်တဲ့ အခါကျမှ ခင်ဗျားတို့ တရားရုံးက ဆုံးဖြတ်ချက် ချမှာလားလို့ သူမေးခွန်း ထုတ်သွားတယ်။” လို့ ပြောပါတယ်။
တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မီဒီယာတွေ၊ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားနေကြသလို ရန်ကုန်တိုင်းဒေသကြီးမှာ အမှုကြီးတွေ မတရား တိုးမြင့်နေတယ်ဆိုတာဟာ မဟုတ်ကြောင်းနဲ့ ဒါတွေကို ကာကွယ်မှုတွေ တိုးမြှင့်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် သမ္မတဦးဝင်းမြင့်က တိုင်းလွှတ်တော်ဥက္ကဋ္ဌရဲ့ တင်ပြချက်တွေဟာ အရင်ခေတ်အဆက်ဆက်က တင်ပြခဲ့တဲ့ ပုံစံအတိုင်းဖြစ်နေပြီး မှတ်တမ်းဓာတ်ပုံတွေသာ များနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက “အဓိက ကျနော်တို့ လွှတ်တော်ကိုလည်း ဆူသွားပါတယ်။ ကျနော်တို့ တင်ပြတဲ့အခါမှာ မှတ်တမ်းဓာတ်ပုံတွေ လောက်ပဲ တွေ့သွားတယ်ပေါ့နော်။ တကယ့်တော့ ကျနော်တို့ လွှတ်တော်မှာဆိုရင် ရေးရာ ကော်မတီတွေရှိပါတယ်။ အလွန်အားနည်းပါတယ်။ ရေးရာ ကော်မတီတွေကနေ အားသာချက် အားနည်းချက်တွေကို သမ္မကြီး လာတဲ့အချိန်မှာ ရှင်းပြရမှာ။ အခုတော့ ပုံမှတ်တမ်းတွေကပဲ များတဲ့အတွက် ဒါကိုလည်း သမ္မတကြီးက ပြောသွားပါတယ်။ အဲဒီတော့ ကျနော်တို့ တိုင်းဒေသကြီးမှာရှိတဲ့ ရေးရာကော်မတီတွေ အနေနဲ့က တကယ်ဆောင်ရွက်ရမယ့် အပိုင်းတွေကို ပြည်ထောင်စု လွှတ်တော်မှာရှိတဲ့ ရေးရာ ကော်မတီတွေရဲ့ လက်တွေ့ဆောင်ရွက်ချက်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ဖို့ သမ္မတကြီးက လမ်းညွှန်ပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးသိမ်းဆည်းခဲ့ပြီး အမိန့်ချမှတ်ပြီးဖြစ်တဲ့ သက်သေခံပစ္စည်းတွေကိုလည်း အချိန်မနှောင်းခင် နိုင်ငံဘဏ္ဍာငွေရရှိ အောင် လေလံအမြန်တင်ဖို့၊ စီရင်ချက်အမိန့်ချမှတ်တဲ့အခါမှာလည်း နှစ်ဖက်လျှောက်လဲချက် သက်သေတွေကို သေချာမစိစစ်ဘဲ တဖက်ဖက်ကို ဘက်လိုက်မှုနဲ့ ကိုယ်လိုရာဆွဲပြီး စီရင်ချက်ရေးတာမျိုးကိုလည်း မဖြစ်စေချင်ဘူးလို့ သမ္မတကပြောဆိုခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။