ရန်ကုန်- မော်လမြိုင် ရထားလမ်းပေါ်တွင် လူတဦး ရထားတိုက် သေဆုံး
DVB
·
July 23, 2017

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအုပ်စု၊ တောစွန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်မှာ ဇူလိုင်လ ၂၂ ရက်နေ့၊ ည ၁၁ နာရီခွဲလောက်က လူတဦး ရထားတိုက် သေဆုံးခဲ့တယ်လို့ ရဲစခန်းက ပြောပါတယ်။
သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာ ရထားလမ်းမိုင်တိုင်အမှတ်၊ ၁၃၅ ၂၀ နဲ့ ၁၃၅ ၂၁ အကြားမှာ နေပြည်တော်ကနေ မော်လမြိုင်ကို ထွက်ခွာလာတဲ့ အမှတ် ၁၅ အဆန်ခရီးသည်တင် ရထားနဲ့ တိုက်မိသေဆုံးနေတဲ့ တာစွန်း ကျေးရွာနေ အသက် ၂၀ အရွယ် ရွှေသန်း(ခ)ဖြူဖွေးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သန်းဇော်က "သေဆုံးသူက အဖွားရဲ့ အသုဘကိုလာတာ၊ ရထားလမ်းပေါ်ကဖြတ်လျှောက်တော့ ရထားကအနောက်ကနေ ဥသြဆွဲသေးတယ်လို့ သိရတယ်။ ဒါပေမယ့် တိုက်မိသွားတယ်၊ ခန္ဓာကိုယ်ကတော့ တစစီဖြစ်သွားတယ်''လို့ပြောပါတယ်။
သထုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၁၃/၂၀၁၇) နဲ့ အမှုရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ယူမင်းစိုး