DVB Logo
Home
မြန်မာသတင်း
ဆေးကျောင်းသား ဓာတ်လိုက်သေဆုံးမှု တာဝန်ရှိသူများအား အရေးယူပေးရန် တောင်းဆို
DVB
·
July 28, 2018
ဆေးကျောင်းသား ဓာတ်လိုက်သေဆုံးမှု တာဝန်ရှိသူများအား အရေးယူပေးရန် တောင်းဆို
Donate to DVB

ဆေးတက္ကသိုလ် ၂ - ရန်ကုန်က ကျောင်းသားတယောက် ဓာတ်လိုက်သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ထိုက်တန်တဲ့ တာဝန်ခံမှု၊ အရေးယူမှု၊ တရားမျှတမှု ရှိစေဖို့ ဆေးတက္ကသိုလ်-၂ ရန်ကုန် ကျောင်းသားများ သမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဇူလိုင် ၂၆ ရက်က ဆေးတက္ကသိုလ်  ၂ - ရန်ကုန်က နောက်ဆုံးနှစ် အပိုင်း(ခ) ကျောင်းသား ကိုထွဋ်မျိုးလွင်ဟာ ကုက္ကိုင်းတံတားအောက်က ဘတ်စကတ်ဘော အားကစားရုံမှာ သံဇကာကို ကိုင်မိပြီး ဓာတ်လိုက်သေဆုံးခဲ့တာပါ။

ဒါဟာ မိဘတွေအတွက် သားကောင်းတယောက်၊ နိုင်ငံတော်အတွက် ပညာရှင်ဆရာဝန်လောင်း တယောက်၊ သူတို့အတွက် ညီအစ်ကို မိတ်ဆွေကောင်း တယောက် ဆုံးရှုံးတာ ဖြစ်ပြီး မကြာသေးခင်ကလည်း ဒီလို ဓာတ်လိုက်သေဆုံးတာ ရန်ကုန်မှာ ဖြစ်ခဲ့သေးသလို ဒီဖြစ်ရပ်တွေဟာ အများပြည်သူတို့ရဲ ဘဝလုံခြုံမှုကို ခြိမ်းခြောက်နေပြီး ကုန်ဆုံးခဲ့ရတဲ့ အသက်တိုင်းဟာ နိုင်ငံတော်အတွက် ဆုံးရှုံးမှုတွေ ဖြစ်တယ်လို့ သမဂ္ဂက ထုတ်ပြန်ဖော်ပြထားပါတယ်။

သက်ဆိုင်ရာ ကစားကွင်း တာဝန်ရှိသူတွေရဲ့ လုံခြုံရေးဆိုင်ရာ ပေါ့လျော့ အားနည်းတာ၊ ရန်ကုန်တိုင်း အစိုးရနဲ့ ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေအတွက် လိုအပ်တဲ့ စီမံခန့်ခွဲမှု၊ စီစစ်မှု၊ စစ်ဆေးမှု၊ တာဝန်ယူမှု အားနည်းတာတို့ကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့ ကုက္ကိုင်းတံတားအောက်က ဟုတ်စံစီတရုတ်ဘုရားကျောင်း ဆွမ်းလှူဒါန်းဆောင်မှာ ဖွင့်လှစ်ထားတဲ့ ဘက်စ်ကတ်ဘော အားကစားရုံမှာ ဇူလိုင် ၂၆ ရက်နေ့က မွန်လွဲပိုင်းက ဓာတ်အားစီးဝင်နေတဲ့ သံဇကာ နံရံကို ထိမိရာကနေ ဓာတ်လိုက်ပြီး ဆေးတက္ကသိုလ် ၂ က နောက်ဆုံးနှစ် အပိုင်း(ခ) ကျာင်းသား မောင်ထွဋ်မျိုးလွင် သေဆုံးခဲ့ပါတယ်။

နှစ်ပေါင်း ၁၀၀ နီးပါးလောက် သက်တမ်းရှိတဲ့ ဘုရားကျောင်းမှာ ပုံမှန်လျှပ်စစ် စစ်ဆေးတာတွေ အားနည်းတဲ့အတွက် လူသေဆုံးခဲ့ရတယ်လို့ ဘတ်စ်ကတ်ဘော ကစားကွင်းထိန်းသိမ်းသူက ဆိုပါတယ်။

ဘတ်စ်ကတ်ဘောကစားကွင်း ထိန်းသိမ်းသူ ဦးကျင်စိန်က “တခါမှ အဲလိုမဖြစ်ဖူးဘူးဗျ။ အဲ့နေကျမှ မိုးအကြီးအကျယ်ရွာတဲ့နေ့မှ ပန်ကာက ကြိုးပေါက်ပြီး ရှော့ခ်ဖြစ်နေတာ။ ခါတိုင်း ကျနော်တို့ သွားနေလာနေတုန်း သံဗန်းတွေကိုင်တာ ဘာမှမဖြစ်ဘူး။ အဲဒီနေ့ကျမှ ကျနော်တို့ကလည်း သွားမကိုင်မိတော့ဘူးလေ။ သူတို့ကလည်းခြေလက်ဆေးပြီး ပြန်တော့မယ်နဲ့ တူပါတယ်။ ခြေလက်ဆေးပြီး သံပန်းကိုထီးလှမ်းဆွဲယူရင်း သံဗန်းသွားကိုင်မိပြီး ဖြစ်သွားတာ” လို့ ပြောပါတယ်။

ဟုတ်စံစီ ဘုရားကျောင်းဆွမ်းစားဆောင်က ၉၇ ပေ ပေ ၁၄ဝ လောက်ကျယ်ဝန်းပြီး ဆွမ်းစားဆောင်အပြင် ဘတ်စ်ကတ်ဘော အားကစားကွင်းအဖြစ်လည်း အသုံးပြုပါတယ်။

လာရောက်ကစားသူတဦးကို ကစားကွင်း က ၃ နာရီကို ကျပ်တထောင်နှုန်းကောက်ယူပြီး ကစားခွင့်ပေးပါတယ်။

ပိတ်ရက်မရှိဖွင့်လှစ်ထားတဲ့ ကစားကွင်းကို ပျှမ်းမျှ လာရောက်ကစားသူ ဦးရေ တရာလောက် ရှိတယ်လို့ ကစားကွင်းထိန်းသိမ်းသူက ဆိုပါတယ်။

ဘက်စ်ကတ်ဘောကစားသမား ရှောက်တုံ့က “ကျနော်တို့က ပိတ်တဲ့ရက်ပဲ လာဆော့တာပါ။ ခါတိုင်းတော့မဆော့ဖြစ်ဘူး။ သူငယ်ချင်းတွေ မိတ်ဆက်ပေးလို့ လူများလို့လာဆော့ဖြစ်တာ” လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ ဘတ်စ်ကတ်ဘောကွင်းကို ကစားခွင့် ပိတ်ထားပါတယ်။ ဓာတ်လိုက် သေဆုံးသွားတဲ့ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား မောင်ထွဋ်မျိုးလွင်ရဲ့ အလောင်းကို နေရပ်မြို့ဖြစ်တဲ့ ဒိုက်ဦးမြို့ ကျိုက်ဇကောကျေးရွာကို  ပြန်လည် သယ်ဆောင်သွားပြီး ဇူလိုင် ၃ဝ ရက်နေ့မှာ ရုပ်ကလပ်ကို သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

အခု ဓာတ်လိုက်သေဆုံးမှုဟာ တောင်ဥက္ကလာပက ၈ တန်းကျောင်းသားလေး ပြီးရင် ရန်ကုန်မှာ တလအတွင်းမှာ ဒုတိယမြောက် ဓာတ်လိုက် သေဆုံးမှုလည်း ဖြစ်ပါတယ်။

ဒီအမှုကို ဗဟန်းမြို့မ ရဲစခန်းက အမှုအမှတ်စဉ် ၁၆ နဲ့ သေမှုသေခင်းဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013