တိုက်ပွဲဖြစ်မည်စိုးရိမ်၍ စစ်ဘေးရှောင် ၁၀၀ ခန့် ကျောက်မဲသို့ ထွက်ပြေးတိမ်းရှောင်
DVB
·
May 21, 2017

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်ရှိ သန္တိသုခဓမ္မာရုံမှာ ကွန်ကော်ကျေးရွာ အုပ်စု တော့ဖယ်ကျေးရွာမှ ရွာသူ/ရွာသားတွေ တိုက်ပွဲဖြစ်မှာကိုစိုးရိမ်ပြီး မေလ ၂ဝ ရက်နေ့ ညနေ ၃ နာရီက ရောက်ရှိလာတယ်လို့ ကူညီပေးသူ တဦးက ပြောပါတယ်။
ကျောက်မဲမြို့မှ ဒုက္ခသည်ကူညီပေးသူတဦးက “သူတို့က တော့ဖယ်ကနေ့ ထွက်ပြေးလာကြတာ။ ဖြစ်တာက သူတို့ရွာထဲမှာ အာစီအက်စ်အက်စ်ကရှိနေတယ်။ သူတို့ကို ရွာပြင်တွေက ပေးမထွက်ဘူး။ အဲတော့ ရွာသားတွေ လက်ဖက်ခူးမရဘူး။ ပြောင်းတွေစိုက်လို့ မရတဲ့အခါကျတော့ အဆင်မပြေကြတော့ဘူး။ သူတို့ဘက်ကို တက်တဲ့ကားတွေကလည်း ပေးမတက်ဘူး။ တိုက်ပွဲကတော့ မဖြစ်ဘူး။ လွန်ခဲ့တဲ့ ၄၊ ၅ ရက်တုန်းကတော့ တိုက်ပွဲဖြစ်တယ်။ RCSS ကလည်း ရွာထဲမှာရှိနေတော့ တိုက်ပွဲဖြစ်ရင် စားစရာတွေ မရှိမှာစိုးလို့ ထွက်ပြေးလာတာ။ အကွာအဝေးကတော့ မြို့နဲ့ ၁၂မိုင်ကျော်ကျော်ဝေးတယ်” လို့ ပြောပါတယ်။
စစ်ဘေးရှောင် ဦးရေမှာ ကျား ၃၉ ဦး၊ မ ၅၆ ဦး စုစုပေါင်း ၉၅ ဦးရှိပြီး ဒီနေ့လည်း ထပ်မံရောက်ရှိလာမယ်လို့ သိရပါတယ်။
တော့ဖယ်ကျေးရွာသား တဦးက “ကျနော်တို့ရွာကနေ လမ်းလျှောက်လာတာ။ ၅ နာရီလောက် ကြာတယ်။ အချို့က ဆိုင်ကယ်နဲ့ကျတော့မြန်တယ်။ တိုက်ပွဲဖြစ်လို့ပြေးလာတာ မဟုတ်ပါဘူး။ ရွာထဲမှာ သူတို့အဖွဲ့တွေရှိလို့ တိုက်ပွဲဖြစ်မှာ စိုးလို့လေ။ ပြီးတော့ ဘယ်မှမသွားရဘူး။ ဘာမှ မလုပ်ရဘူးဆိုတော့ တိုက်ပွဲဖြစ်ရင် စားစရာမရှိမှာဆိုးလို့ ပြေးလာတာပါ။ ရွာလုံးကျွတ်တော့ မဟုတ်ဘူး။ ဒီနေ့လည်း လာကြမှာ” လို့ ပြောပါတယ်။
အဲဒီနေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တအာင်းတပ် (တီအန်အယ်လ်အေ) နဲ့ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်) တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဖြစ်ပါတယ်။
ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကိုတော့ ကျောက်မဲတာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့တွေက လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောက်မဲ အာစီအက်စ်အက်စ် ပြန်ကြားရေးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။
သတင်း - နိုင်နိုင်