စစ်ပွဲကြောင့် စစ်ဘေးရှောင် ၄၀၀ ကျော် ကျောက်မဲသို့ ထွက်ပြေးတိမ်းရှောင်
DVB
·
December 30, 2017

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးရွာအနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က တီအန်အယ်လ်အေနဲ့ တပ်မတော်တို့ တိုက်ပွဲကြောင့် ကျောက်ဖြူလေးရွာ၊ ကြက်သေနဲ့ အာပြောင်ရွာတွေက လူဦးရေ ၄၀၀ ကျော် ကျောက်မဲမြို့နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အာပြောင်ကျေးရွာသား မိုင်းအိုက်မောင်က “ဖြစ်တာက ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကဖြစ်တာ။ ကျောက်ဖြူလေးရွာနဲ့ ဟင်းကြိုင်ကြားထဲမှာတိုက်ပွဲဖြစ်တာ။ မနက်ပိုင်းပေါ့။ လေယာဉ်က နေ့လယ်ပိုင်းမှာလာတယ်။ ကျောက်မဲကနေ လက်နက်ကြီးတွေလည်း ထုတယ်။ ထွက်ပြေးလာတာက ၂၈ ရက်နေ့ ထွက်ပြေးလာတာရှိတယ်။ ၂၉ ရက်နေ့ ထွက်ပြေးလာတာရှိတယ်။ ကျနော်တို့ရွာက စုစုပေါင်း ၂၄၉ ယောက်ရှိတယ်။ ရွာမှာကျန်ခဲ့တဲ့လူလည်းရှိတယ်” လို့ ပြောပါတယ်။
စာရင်းအရ လူဦးရေမှာ ၄၀၀ ကျော်ပေမယ့် မိုင်းငေါ့မြို့နယ်မှာလည်း ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကျောက်ဖြူလေးကျေးရွာနေ ဦးအိုက်ဌေးက “အခုအားလုံးက အဆင်ပြေပါတယ်။ ထမင်းကလည်း ဘုန်းကြီးကျောင်းက ကျွေးထားတယ်။ အဝတ်အစားတွေ လာလှူတဲ့လူလည်း ရှိတယ်။ ကျနော်တို့ ရွာသားအားလုံးက ၂၂၄ ယောက်ရှိတယ်။ ခုတော့ပြန်လို့ အဆင်မပြေသေးဘူး။ တအာင်းအဖွဲ့ရော၊ တပ်မတော်ရော ရွာနားတစ်ဝိုက်မှာရှိနေတယ်။ ရွာမှာ မသွားနိုင်တဲ့ သက်ကြီးရွယ်အိုတွေလည်း ရှိသေးတယ်။ ကျွဲတွေနွားတွေလည်းရှိတယ်။ မိုင်းတွေလည်းရှိတော့ သူတို့နင်းမိမှာကြောက်တယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ ရွားအနီးမှာ မြန်မာ့တပ်မတော်နဲ့ တီအန်အယ်အေတပ်တို့ ရှိနေသေးတဲ့အတွက် ရွာကိုပြန်လို့ အဆင်မပြေသေးကြောင်း၊ အခြေအနေအားလုံးကောင်းရင် ပြန်ကြမယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။
ထွက်ပြေးလာတဲ့ ဒေသခံထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်အများစုပါဝင်ပြီး ကလေးငယ် ၁၀၀ကျော်အထိ ပါဝင်နေပါတယ်။
မိုင်းနိုင်နိုင်