၆၆ (ဃ)နှင့်အမှုဖွင့်ခံထားရသူ ဦးကျော်မျိုးရွှေကို ဥပဒေတိုင်း အရေးယူရန် တိုက်တွန်း
အာကာ
·
March 14, 2017

၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရသူ ဦးကျော်မျိုးရွှေကို ဥပဒေအတိုင်း အရေးယူစေချင်တယ်လို့ အမှုဖွင့်တိုင်ကြားခဲ့သူ တရားဥပဒေစိုးမိုးရေး ကူညီတည်ဆောက်သူများကွန်ရက်က ဒေါ်မြမြဌေးက ပြောပါတယ်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ မြတ်စိတ်ထား ပရဟိတ ကျူရှင်ဆရာ ဦးကျော်မျိုးရွှေဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို အသရေပျက်စေတဲ့ စာသားတွေ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားတယ်ဆိုပြီး ရန်ကုန်မြို့နေ ဒေါ်မြမြဌေးက စမ်းချောင်းမြို့မရဲစခန်းမှာ မတ်လ ၈ ရက်နေ့ ညပိုင်းက ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခဲ့တာပါ။
ဒေါ်မြမြဌေးက “သူ(ဦးကျော်မျိုးရွှေ) ဝန်ခံပါတယ်။ ဒီဖုန်း ဒီကောင့်သုံးပြီး ဒါတွေ ရေးသားခဲ့တယ် ဆိုတာကို။ ဝန်ခံပြီးတော့ ကျမတို့ အမှုကိုင်က အဲဒီဖုန်းကို သက်သေခံပစ္စည်းအဖြစ် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေရဲစခန်းက တာဝန်ရှိသူတွေရှေ့မှာပဲ သိမ်းဆည်းခဲ့ပါ တယ်။ လူကိုတော့ မဖမ်းရသေးဘူးပေါ့။ ရှေ့မှာ ၆၆(ဃ)နဲ့ အမှုဖွင့်ခံရသူတွေဆိုရင် အမှုခိုင်လုံတာနဲ့ ချက်ချင်း ဖမ်းဆီး အရေးယူပါတယ်။ အဲဒီအတွက် ဥပဒေဆိုတာ တခုပဲ ရှိရမှာလေ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေချင်ပါဘူး။ ဥပဒေအတိုင်း ဆောင်ရွက်တာကိုပဲ လက်ခံမျှော်လင့်နေပါတယ်” လို့ ပြောပါတယ်။
Kyaw Myo Shwe အမည်ရှိ အကောင့်ဟာ လူမှုကွန်ရက်စာမျက်နှာမှာ "ဒီတကြိမ် လိုအပ်လို့ စစ်တပ် အာဏာသိမ်းရင် သမိုင်းတရားခံက ဗိုလ်ချုပ် သမီးပဲ" "ရွံတယ်ကွာ၊ ရွံတယ်ကွာ"၊ "ဗလောင်းဗလဲ တတ်တဲ့ ခင်ဗျားတို့အစိုးရအဖွဲ့နဲ့ အကိုက်ညီဆုံးအလုပ်ကလေ ယဉ်ယဉ်ကျေးကျေး ပြောရရင် ဇိမ်ခန်းထောင်တဲ့အလုပ်ပဲ"၊ "အာဏာရှင် အစိုးရလောက်တောင် အားမကိုးရတဲ့ ငိုးမ ဒီမိုအစိုးရ..မု..မု" စတဲ့ စာသားတွေ ရေးသားခဲ့တဲ့အတွက် အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
“ဦးကျော်မျိုးရွှေကို အမှုဖွင့်တာဟာ ကိုဆွေဝင်းကို သူ အမှုဖွင့်လို့ ပြန်တုံ့ပြန်တာ မဟုတ်ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အသရေဖျက်ရင် မည်သူ့ကိုမဆို အမှုဖွင့်ထားပါတယ်။ ရှေ့မှာ ၂ မှု အမှုဖွင့်ထားတာ ရှိပါတယ်”လို့ ဒေါ်မြမြဌေးက ပြောပါတယ်။