ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပုံစံသစ်ပြန်စရန် အမျိုးသမီးများအဖွဲ့ချုပ် တောင်းဆို
DVB
·
March 4, 2016

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရသစ်အနေနဲ့ ဆန်းသစ်ပြီး အများ အကျိုးကိုရှေ့ရှုမယ့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်အသစ်ကို ပြန်လည် စတင်ဖို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က တိုက်တွန်းလိုက်ပါတယ်။
လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတချို့ကို ချန်လှပ်ထားတာဟာ သွေးခွဲအုပ်ချုပ်ရေး မဟာဗျူဟာကို ကျင့်သုံးလိုက်တာဖြစ်ပြီး အခုအခါ ရှမ်းပြည်မြောက်ပိုင်းမှာ အဲဒီရဲ့အကျိုးဆက်ကို ခံစားတွေ့ကြုံနေရပြီလို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ရေရှည်တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ အားလုံးပါဝင်ရေးက အရေးကြီးတဲ့အ တွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်လုပ်ဆောင်မယ့် အစိုးရအသစ်အနေနဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသစ်ပြန်လည်လုပ်ဆောင်ဖို့ တိုက်တွန်တောင်ဆို တာဖြစ် တယ်လို့ WLB ရဲ့ ပဲ့ကိုင်ကော်မီတီ၊ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် မယ်စုစုဆွေက ပြောပါတယ်။
“အခုလက်ရှိ ပုံစံအသစ်ကိုသွားဖို့ ကျမတို့ကအန်အယ်ဒီကို ထပ်ပြီးတောင်းဆိုတာ၊ အလှူရှင်တွေကိုလည်း တောင်းဆိုတာပေါ့နော်။ လက်ရှိဖြစ်နေတဲ့ပုံစံက လုံးဝ အဆင်မပြေနိုင်ဘူး။ ဒီတိုင်းဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းရေးမရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အခုချိန်မှာက အခုအန်အယ်ဒီအစိုးရကလည်း အလွှဲအပြောင်း ကာလဘယ်လောက်ကြာပြီး ဘယ်လောက်အတည်ဖြစ်မလဲမသိဘူး။ ဒီလိုလုပ်နေတဲ့အချိန်မှာ ရှမ်းပြည်နယ်မှာ ဒုက္ခသည်အိုင်ဒီပီတွေကိုတော့ ထပ်ထပ်တိုးလာနေပြီပေါ့နော်။ ဆိုတော့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ မဟုတ်ဘူး၊ အနုတ်လက္ခဏာမြင်နေရပြီ။”
ဒါ့အပြင် အန်စီအေမှာ အားလုံး ပါဝင်နိုင်မှုကို ကန့်သတ်ထားခြင်းဟာ မူလအစမှာပင် ကျဆုံး မှုများကို ဖော်ပြနေပေမယ့် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ထောက်ခံမှုနဲ့နေပြည်တော် အစိုးရ ဟာ အခြားမည်သူတစ်ဦး တစ်ယောက်အကျိုးစီးပွားကိုမျှ ထည့်သွင်းစဉ်းစားခြင်းမရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်”ကို ဆက်လက် အကောင်အထည်ဖော်ခွင့်ရခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ပတ်တဲ့အလှူရှင်တွေအနေနဲ့ သူတို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းပုံစံ အသစ်ကို ပြန်လည်စတင်ဖို့ တောင်းဆိုရတာဖြစ်တယ်လို့လည်း မယ်စုစုဆွေက ပြောပါ တယ်။
ယုံကြည်မှုတွေတည်ဆောက်နိုင်ဖို့ တပ်မတော်အနေနဲ့ စစ်ရေးအရ ထိုးစစ်ဆင်မှုတွေကို ချက်ချင်းရပ်တန့်ပြီး ပဋိပက္ခဒေသတွေမှာ တပ်စွဲထားတဲ့တပ်ဖွဲပတွေကို ရုပ်သိန်းရ မှာဖြစ်သလို လက်နက်ကိုင်အဖွဲ့အားလုံးကိုလည်း ချွင်းချက်မရှိဘဲ ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ပေးရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒ့ါအပြင်တိုင်းရင်းသားဒေသတွေက သယံဇာတအရင်အမြစ်တွေကို နေပြည်တော်က သိမ်းပိုက်လုယူနေခြင်းဟာ ပဋိပက္ခကို ပိုမိုဆိုးဝါးမှုတွေဖြစ်နေတယ်ဆိုတာ အစိုးရအသစ် အနေနဲ့ အသိအမှတ်ပြုရမယ်လို့လည်း ဖော်ပြထားပါတယ်။