DVB Logo
Home
မြန်မာသတင်း
ရေကြီးရေလျှံမှုကြောင့် သံတွဲမြို့ စာသင်ကျောင်းများပိတ်၊ လျှပ်စစ်မီးပြတ်တောက်
DVB
·
June 28, 2015
ရေကြီးရေလျှံမှုကြောင့် သံတွဲမြို့ စာသင်ကျောင်းများပိတ်၊ လျှပ်စစ်မီးပြတ်တောက်
1 / 8
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ အဝေးပြေးကားလိုင်းတွေ၊ ရုံးတွေနဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားခဲ့ရပါတယ်။

သံတွဲဒေသခံ ဦးသိန်းဇံက “မီးပြတ်နေတာက ရေမကြီးခင် ၁ ရက်လောက်ကတည်းက ပျက်နေတာပါ။ သံတွဲမှာက ရေကြီးရင် ရေကြီးပြီးတာနဲ့ ရွှံ့တွေ၊ နုန်းတွေတင်ကျန်နေခဲ့တော့ ဈေးတွေ၊ ကျောင်းတွေရုံးတွေ အကုန်ပိတ် ထားရတယ်” လို့ ပြောပါတယ်။

ရေကြီးရေလျှံဖြစ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွေ ၃ ရက်ဆက်တိုက် ပြတ်တောက်ခဲ့သလို သံတွဲ-ရန်ကုန် အဝေးပြေးကားလိုင်း ခရီးစဉ်တွေလည်း ဖျက်သိမ်းထားပါတယ်။

သံတွဲမြို့၊ အောင်သစ္စာ အဝေးပြေးကားဂိတ်မှ ဦးမောင်မောင်က “ရေကြီးရေလျှံမှု တွေ ဖြစ်တဲ့အတွက် ကျနော်တို့ သံတွဲ-ရန်ကုန် အဝေးပြေးခရီးစဉ်တွေ ဖျက်ထားတာ သုံးရက်လောက်ရှိပြီ။ သံတွဲကနေ ၂၇ မိုင်အကွာ ပုစွန်ဖြေရွာနဲ့ ကြေးပင်ရွာကြားမှာ တံတားနှစ်စင်းပျက်နေတော့ သွားလို့မရဘူး။ မီးကလည်း ခုထိတမြို့လုံး ပျက်နေတုန်းပဲ” လို့ ပြောပါတယ်။

ရေကြီးရေလျှံဖြစ်မှုကြောင့် အသေအပျောက်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ပေမယ့် သံတွဲမြို့နယ်၊ ရဲတပ်ဖွဲ့ ရဲအုပ် ဦးအောင်နိုင်ကတော့ အခုချိန်ထိ အသေအပျောက်သတင်း မရသေးဘူးလို့ ပြောပါတယ်။

“သံတွဲမြို့နယ်အနေနဲ့ အသေအပျောက်တော့ ကျနော်တို့ ခုထိသတင်းမရသေးပါဘူး။ ပြီးခဲ့တဲ့ရက်တွေက ရေကြီးတဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေအနေနဲ့ အမှတ် ၄ ရပ်ကွက်အ တွက် ဆံတော်တောင်ခြေစခန်း၊ အမှတ် ၆ ရပ်ကွက်အတွက် မဟာဗောဓိဘုန်းကြီးကျောင်းစခန်း၊ အမှတ် ၇ ရပ်ကွက်အတွက် မြို့တော်ဦး ဘုန်းကြီးကျောင်းစခန်းနဲ့ မြို့သစ်ရပ်ကွက်အတွက် အံ တော်ဘုန်းကြီးကျောင်းစခန်းတွေမှာ ယာယီရွှေ့ပြောင်းထားခဲ့ရတယ်။ ဒီနေ့ကတော့ ရေကျသွား ပါပြီ” လို့ပြောပါတယ်။

မိုးသည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းမှုကြောင့် ရခိုင်ရိုးမတောင်ကျချောင်းရေတွေ က မြို့ထဲကို စီးဝင်လို့ သံတွဲမြို့ဟာ နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံလေ့ရှိပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၄ ရက် မိုးကြီးမယ့်သတိပေးချက် ထုတ်ပြန်ပြီးနောက် မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး ခုလို ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။

ဓာတ်ပုံ - ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013