DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာပတ်လမ်းအတွင်း အာကာသလက်နက် နေရာချထားဟု အမေရိကန် အတည်ပြု
DVB
·
September 15, 2026
Photo: NASA
Photo: NASA
Donate to DVB

ကမ္ဘာပတ်လမ်းကြောင်းအတွင်း အမေရိကန်ပြည်ထောင်စုဟာ အာကာသလက်နက်တမျိုး နေရာချထားပြီးပြီ ဆိုတာကို စက်တင်ဘာ ၁၄ ရက်က အတည်ပြုသွားပါတယ်။

ဒါဟာ အမေရိကန်ဘက်က တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ အာကာသလက်နက်အကြောင်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေကို ရန်သူတွေအနေနဲ့ တိုက်ခိုက်လာတဲ့အခါ ကာကွယ်နိုင်ဖို့အတွက် ဒီပတ်လမ်းမှာရှိနေတဲ့ လက်နက်ဟာ မရှိမဖြစ် လိုအပ်တယ်ဆိုပြီး လေတပ်အတွင်းဝန် ထရွိုင်မင့်ခ်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ တိုးတက်ပြောင်းလဲလာတဲ့ ခြိမ်းခြောက်မှုတွေအတွက် အသင့်ရှိတယ် ဆိုပေမဲ့လည်း အဲဒီလက်နက်ရဲ့ စွမ်းဆောင်ရည် အပါအဝင် ဘယ်အချိန်ကတည်းက ပတ်လမ်းကြောင်းထဲ လွှတ်တင်ထားတာလဲ ဆိုတာကိုတော့ အသေးစိတ်ရှင်းပြခဲ့ခြင်း မရှိပါဘူး။

အရင်ကတည်းက အမေရိကန် စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေဟာ အာကာသ စစ်ရေးစွမ်းရည်တွေကို မြှင့်တင်ဖို့ စီစဉ်ထားတယ်ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။

အထူးသဖြင့် အမေရိကန်ဂြိုဟ်တုတွေအပေါ် တိုက်ခိုက်နှောင့်ယှက်နိုင်မဲ့ နည်းလမ်းတွေကို ရုရှားနဲ့ တရုတ်က ရှာဖွေကြံဆနေတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“Golden Dome” အမည်ရ လေကြောင်းရန်ကာကွယ်ရေးစနစ် တည်ဆောက်တဲ့နေရာမှာလည်း အာကာသအခြေပြု စစ်ရေးစွမ်းရည်တွေနဲ့ ကြားဖြတ်ပစ်ချနိုင်တဲ့ ဒုံးကျည်တွေဟာ အလွန်အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

၁၉၆၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နိုင်ငံတကာ သဘောတူစာချုပ်အရ အဖျက်စွမ်းအားကြီးတဲ့ လက်နက်တွေကို ပတ်လမ်းထဲထားရှိခွင့် တားမြစ်ထားပါတယ်။

ဒါကြောင့် အမေရိကန်၊ ရုရှားနဲ့ တရုတ် စတဲ့ အင်အားကြီးနိုင်ငံတွေဟာ ပြိုင်ဘက်တွေရဲ့ ဂြိုဟ်တုအပေါ် ပစ်မှတ်ထားတာလိုမျိုး စာချုပ်ပြင်ပက တခြားနည်းလမ်းတွေကို ရှာဖွေလျက်ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အာကာသတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အကာအကွယ်ပေးဖို့တင် မဟုတ်ဘဲ တိုက်ခိုက်ရေးအတွက်ပါ အသုံးပြုနိုင်မဲ့ အမိန့်တရပ်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။

အနှစ် ၇၀ ကျော် ကာလအတွင်း အမေရိကန် အာကာသတပ်ဖွဲ့ဟာ စစ်တပ်ရဲ့ အသစ်လွင်ဆုံး ဌာနတခုဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက အာကာသထဲမှာရှိနေတဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက် စတင်ဖွဲ့စည်းခဲ့တာပါ။

တချိန်တည်းမှာ တရုတ်နိုင်ငံဟာ စစ်တပ်ခေတ်မီအောင် မြှင့်တင်ရေးမဟာဗျူဟာရဲ့ တစိတ်တပိုင်းအဖြစ် အာကာသနဲ့ တန်ပြန်စစ်ဆင်ရေး နည်းပညာအသစ်တွေ တီထွင်ပြီး အသုံးချလျက်ရှိကြောင်း သိရပါတယ်။

ရုရှားကတော့ အာကာသကို စစ်ဆင်ရေးနယ်ပယ်တခုလိုမျိုး သတ်မှတ်ထားတဲ့အလျောက် အာကာသအပေါ် လွှမ်းမိုးနိုင်စွမ်းဟာ အနာဂတ်စစ်ပွဲတွေမှာ အဆုံးအဖြတ်ပေးမဲ့အချက် ဖြစ်လာနိုင်တယ် ဆိုပြီး ယုံကြည်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013