DVB Logo
Home
Lead Story
မင်းအောင်လှိုင်ကို စစ်အုပ်စု သမ္မတအဖြစ် ရွေးထားသည့်ကိစ္စ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင် မှတ်သားထား 
DVB
·
April 7, 2026
Photo: Philippines’ Department of Foreign Affairs website
Photo: Philippines’ Department of Foreign Affairs website
Donate to DVB

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်အုပ်စုလွှမ်းမိုးထားတဲ့ လွှတ်တော်က သမ္မတအဖြစ် ရွေးချယ်ထားတာတာကို မှတ်သားထားတဲ့အကြောင်းနဲ့  မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးနဲ့ဆက်ပြီး ထိတွေ့ဆက်ဆံသွားမယ်လို့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင် သမ္မတ နန်းတော်ရဲ့ သတင်းပြန်ကြားရေးအရာရှိ ကလဲယားကတ်စထရိုက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေ၊ အထူးသဖြင့် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးလိုက်တာကို ဖိလစ်ပိုင်အနေနဲ့ မှတ်သားထားတယ်လို့ ပြောတဲ့အကြောင်း  ဖိလစ်ပိုင်သတင်းအေဂျင်စီ (PNA) က ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကစပြီး စစ်ကောင်စီကို ဦးဆောင်လာတဲ့ မင်းအောင်လှိုင်ဟာ နိုင်ငံရေး မတည်ငြိမ်မှုတွေကြားမှာ သူ့ရဲ့အာဏာကို ပိုမိုခိုင်မာစေဖို့အတွက် စစ်တပ်က အဓိကချုပ်ကိုင်ထားတဲ့ လွှတ်တော်ကနေ ပြီးခဲ့တဲ့ သီတင်းပတ်မှာ သမ္မတအဖြစ် ရွေးထားတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ခံသွားမှာဖြစ်ပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝနဲ့ ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့အတွက် အရှိန်အဟုန်မြှင့်တင်ဖို့ ကလဲယားကတ်စထရိုက  တိုက်တွန်းခဲ့ပါတယ်။

ကလဲယားကတ်စထရိုက “ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီး Ma. Theresa P. Lazaro ကနေတဆင့်ရော၊ သက်ဆိုင်ရာသံရုံးတွေကနေတဆင့်ပါ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အစုအဖွဲ့တွေနဲ့ ဆက်ပြီး ထိတွေ့ဆက်ဆံသွားမှာပါ” လို့ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သူက ဆိုပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ထဲမှာတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရေးနဲ့ အထူးသံတမန်တယောက်  ခန့်အပ်ရေးတို့ ပါဝင်ပါတယ်။ 

ဒါပေမဲ့ ဒီသဘောတူညီချက်တွေ ချမှတ်ခဲ့တာ အချိန် ၅ နှစ်ကြာလာတဲ့တိုင် အကြမ်းဖက်မှုတွေက နေ့စဉ် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး သဘောတူညီချက် အများစုဟာလည်း  စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် အကောင်အထည်ပေါ်လာတာ မရှိသေးပါဘူး။

Source: BERNAMA-PNA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013