အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ၂၀၂၆ ခုနှစ် နှောင်းပိုင်းမှာ တွေ့ဆုံဖို့ရှိတယ်ဆိုပြီး ဩဂုတ် ၁၉ ရက်က အတည်ပြုပါတယ်။
အခုဆိုရင် မြောက်ကိုရီးယားမှာ “အလွန်အားကောင်းတဲ့” နျူကလီးယားလက်နက် ၅၇ ခုအထိ ပိုင်ဆိုင်နေပြီဖြစ်ကြောင်း အတိအကျ ပြောသွားသလို ကင်မ်နဲ့ “အဆင်ပြေဖို့” အရေးကြီးတယ်လို့လည်း ဆိုပါတယ်။
ဒါဟာ ထရမ့်ပ် ပထမသက်တမ်းတုန်းက နျူကလီးယား လက်နက်ပိုင်ဆိုင်ရာ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်နဲ့ တည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်ဂျူဘက်ခ်ကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အရေအတွက်ကို ၈၀ နဲ့ ၁၂၀ ကြား ရှိနိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။
အခုလိုမျိုး ကင်မ်ဂျုံအန်း အပေါ် ထရမ့်ပ် ရုတ်တရက် အာရုံစိုက်လာတာမျိုး အပါအဝင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုပါ လျှော့ချလိုက်တာကြောင့် အာရှဒေသတွင်းက မဟာမိတ်နိုင်ငံတွေကြား စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။
တချိန်တည်းမှာ အီရန်နဲ့စစ်ပွဲ ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေသလို ဖြစ်လာတာကြောင့် ထရမ့်ပ်က နိုင်ငံခြားရေးမူဝါဒပိုင်း အောင်မြင်မှုတခုကို ရှာဖွေနေတာလား ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။
အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုတွေဟာ ဖြစ်လာနိုင်ခြေရှိတဲ့ မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်တာမျိုး ဖြစ်ပေမဲ့လည်း ပြုံယမ်းကတော့ ဒါဟာ သူတို့ကိုကျူးကျော်ဖို့ ပူးပေါင်းကြံစည်နေတာ ဖြစ်တယ်ဆိုပြီး ရှုမြင်ထားပါတယ်။
လာမဲ့ နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံမှာကျင်းပမဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ သွားတဲ့အခါ ထရမ့်ပ်က ကင်မ်နဲ့ ဝင်တွေ့နိုင်ခြေ ရှိပါတယ်။
ဒါပေမဲ့လည်း ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးတဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံ ကတော့ အစ်ကိုဖြစ်သူနဲ့ ထရမ့်ပ်တို့ကြား အဆက်အသွယ်ရှိတယ် ဆိုတာကို သတိမထားမိကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက်တွေ ရှိနေတယ်ဆိုတာ သိထားကြပေမဲ့လည်း ဝါရှင်တန်ရော ဆိုးလ်ကပါ ပြုံယမ်းကို တရားဝင် အသိအမှတ်ပြုခြင်း မရှိပါဘူး။
၁၉၅၀-၅၃ ကိုရီးယားကျွန်းဆွယ် စစ်ပွဲရဲ့ နောက်ဆက်တွဲအဖြစ် တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးအတွက် အမေရိကန်ဘက်က တပ်ဖွဲ့ဝင်အင်အား ၂၈,၅၀၀ လောက်ကို အထိုင်ချပေးထားပါတယ်။











