DVB Logo
Home
Lead Story
အကျဉ်းသားကျန်းမာရေး
DVB
·
June 28, 2015
အကျဉ်းသားကျန်းမာရေး
Donate to DVB

အကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့ဆရာဝန်တွေနဲ့ အကျဉ်းထာင် တာဝန်ရှိသူတွေ ကြားမှာ အပြန်အလှန် လွန်ဆွဲနေရမှုဆိုတာ တိုင်းပြည်တိုင်းမှာ ရှိတယ်။ အဆုံးမသတ်နိုင်တဲ့ အငြင်းပွားမှု တခုလည်း ဖြစ်တယ်။ ဒါ့ပြင် တရားစီရင်ရေးနဲ့ သမားကျင့်ဝတ်ကြားမှာ ဝိရောဓိ ဖြစ်နေတယ်။

ဆရာဝန်တွေဟာ ပညာပိုင်းဆိုင်ရာကျင့်ဝတ်ကို လိုက်နာကြရတယ်။ ဆုံးဖြတ်ချက်ချရာမှာ လူနာစောင့်တွေ ဖိအားနဲ့ ဆွဲအားတွေကို ပမာမထားပဲ ချမှတ်မှသာ မှန်ကန်တယ်။ စာနာစိတ်နဲ့ သနားစိတ်ကို မျှမျှတတ ထားကြရတယ်။ ရောဂါအမည်တပ်ဖို့ရာ စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေ လိုတယ်။

ထောင်ကို သွားကြည့်ရတဲ့ဆရာတွေမှာ စစ်ဆေးမှုတွေလုပ်ဖို့ မဖြစ်နိုင်ကြဘူး။ ဆရာဝန်တွေအပေါ်မှာ အကျဉ်းထောင် အရာရှိတွေက တတ်စွမ်းသလောက် ဖိအားပေးကြတယ်။ လူနာနဲ့ ဆရာဝန်ဆက်ဆံရေးအပြင် အကျဉ်းထောင်နဲ့ ဆရာဝန်ဆက်ဆံရေးဆိုတာပါ ရှိလာတယ်။

ထောင်မှာ ထားပေးတဲ့ဆေးဝါးတချို့ ရှိပေမယ့် ဆရာဝန်က ညွှန်တဲ့အတိုင်း အကျဉ်းသားတွေ ဆေးမရနိုင် ကြတာကို ကျနော်ကိုယ်တိုင် အလှည့်ကျ ထောင်ဆရာဝန်လုပ်ခဲ့ရဘူးလို့ ပြောနိုင်တယ်။ ဆေးဆိုတာ တနေ့ ၁ ကြိမ်ကနေ ၄ နာရီ တခါသောက်ရတာတွေ ရှိတယ်။ အကျဉ်းသားတွေမှာ အချိန်ကိုက်ဆေးသောက်ဖို့ အခက်အခဲတွေ ရှိကြတယ်။ နားနားနေနေနေဖို့ ဆရာဝန်ညွှန်တာကို အကျဉ်းသားလူနာက မခံစားရပါ။ လူမမာ ဓာတ်စာ ညွှန်းလို့ကတော့ မဖြစ်နိုင်ပါ။ အကျဉ်းထောင်တွင်း ပတ်ဝန်းကျင်ဟာ ကူးစက်ရောဂါတွေ စာရင်းချရေးရင် အရှည်ကြီး။ နေရောင်လုံလောက်အောင် မရလို့ ဗီတာမင် ဒီ နည်းကုန်ကျတယ်။ ဆေးရုံကို လွှဲပြောင်းပေးတဲ့ အခါမှာလည်း လုံခြုံရေးအရ သီးသန့်ထားတယ်။ အဲဒီမှာ နှိမ့်ချပြီး ဆက်ဆံတာမျိုး ရှိတယ်။ ရဲတွေ၊ ဆေးရုံဝန်ထမ်း တွေနဲ့ လူနာဧည့်သည်တွေရဲ့ မျက်လုံးအကြည့်တွေက မတူကြဘူး။

အမျိုးသမီး (မိန်ကလေး)၊ အကျဉ်းသူ (ထောင်ထဲတားမယ့်သူ) တွေကို ကိုယ်ဝန်ရှိ၊ မရှိ စစ်တာလုပ်တဲ့ သတင်း ကျောင်းသားအရေးအခင်းနဲ့အတူ ထွက်ခဲ့တယ်။ အကျဉ်းထောက်လက်စွဲအရ စစ်ရတယ်လို့ ဖြေတာ လည်း ကြားရတယ်။ အဲဒီသတင်းနဲ့ တချိန်တည်းလောက်မှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့ထဲ ဝင်ချင်ရင် အပျိုစစ် ရမယ်ဆိုတဲ့ သတင်းလည်း ထွက်ခဲ့တယ်။ ဒါပေမယ့် HIV နဲ့ အသည်းရောင် (ဘီ) နဲ့ (စီ) ကော စစ်သလား မသိပါ။ သွေးကနေ ကူးစက်ရောဂါဆိုတာ အမျိုးသမီးတွေချည်းသာ ထားတဲ့ အကျဉ်းထောင်ထဲမှာ အချင်းချင်း ကူးစက်နိုင်ပါတယ်။ လစဉ်ရာသီသွေးကြောင့်ပါ။ ရာသီအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသုံးအဆောင်တွေ ရကြမယ်လို့ မထင်ပါ။

HIV နဲ့ AIDS ရှိတဲ့ (ရှိနိုင်လောက်တဲ့) အမျိုးသမီးတွေ ဥပမာ ခန္ဓာကိုယ်ကို အခကြေးငွေနဲ့လဲသူမျိုးတွေ ထောင်ထဲမှာ နေ့စဉ်မပြတ် ရှိတယ်။ အမေရိကန်မှာ ၂ဝဝ၇ ခုနှစ်တုန်းက အမျိုးသမီးအကျဉ်းသူ ၁ဝဝဝဝ ရှိရင် ၄၃ ယောက်မှာ HIV ရှိတယ်။ လူဦးရေအကုန်ထဲမှာ ၁၇ ယောက်သာ ရှိတယ်။ နိုင်ငံရေးမှုနဲ့ တမင်တကာ ဆွဲထည့်ခံ ရတဲ့ အမျိုးသမီးတွေကို သူတို့နဲ့ အတူထားတယ်။ ကျနော်ဇနီးကို မုံရွာထောင်ထဲမှာ အဲလိုပဲထားခဲ့တယ်။ လွတ်လာ တာနဲ့ ဆေးစစ်ရတော့တယ်။ မသိတဲ့သူတွေက နိုင်ငံရေးအကျဉ်းကျအမျိုးသမီးတွေကို ဒီအသက်မွေးမှု လုပ်သူလို့ အထင်ရောက်စေတယ်။ ထောင်ထဲမှာ စစ်ဆေးရင် ညကြီးသန်းကောင်မှာ နိုင်ငံရေးအကျဉ်းကျအမျိုးသမီးကို တယောက်ချင်း ထုတ်စစ်တယ်။ အမျိုးသမီး ထောင်ဝန်ထမ်း တယောက်တလေ ထားပေမယ့် သံသယဖြစ်အောင် တမင်လုပ်ထားတာ ဖြစ်တယ်။

အကျဉ်းထောင်ထဲ မထည့်ခင်မှာရော အထဲရောက်တော့ရော ဖမ်းလာသူတွေ မှန်သမျှကို အကြောင်းမဲ့ ရိုက်နှက်တာ၊ နှိပ်စက်တာကို စစ်ဆေးတယ်အကြောင်းပြပြီး လုပ်တယ်။ လိုချင်တဲ့ ထွက်ချက်ရအောင်လည်း လုပ်တယ်။ ငရဲနဲ့ တင်စားတာ မလွန်ပါ။ မှုခင်းဆိုင်ရာဆေးပညာမှာ သင်ရတဲ့ ရာဇသတ်ကြီးမှာတော့ ပြစ်မှု မြောက်ပါတယ်။

တမင်တကာ ထိခိုက်စေမှု ဖြစ်ရင် ပုဒ်မ ၃၂၃ နဲ့ ငြိပြီ။ အန္တရာယ်ရှိတဲ့လက်နက်ဆိုရင် ၃၂၄။ ပြင်းထန်ဒဏ်ရာဆိုရင် ၃၂၅။ အန္တရာယ်ရှိတဲ့လက်နက်နဲ့ ပြင်းထန်ဒဏ်ရာဆိုရင် ၃၂၆။ ထိခိုက်စေမှုဆိုတာ တဖက်သားကို ကိုယ်ခန္ဓာကို ထိခိုက်စေတာနဲ့ နာကျင်စေတာဖြစ်တယ်။ ရောဂါရစေတာလည်း ပါတယ်။

ပြင်းထန်ဒဏ်ရာဆိုတာ လိင်အင်္ဂါပျက်စီးစေတာ၊ မျက်လုံးတဖက် ပျက်စီးစေတာ၊ နားတဖက် ပျက်စီးစေတာ၊ အဆစ်တခု ပျက်စီးစေတာ၊ ဦးခေါင်းနဲ့ မျက်နှာရုပ်ဆိုးစေတာ၊ သွား (သို့) အရိုးတခု ပျက်စီးစေတာတွေ ပါတယ်။

Post-traumatic stress disorder (PTSD) ထိခိုက်မှုဖြစ်ပြီးနောက် ဖြစ်လာတဲ့စိတ်ဖိစီးမှုဝေဒနာ (သို့) ထိခိုက်ဒဏ်ရာ ရပြီးနောက် စိတ်ဖိအားရောဂါဆိုတာ ကုသရ ခက်ခဲလှတယ်။ ထောင်မှာ တာဝန်ထမ်းနေသူတွေ၊ ထောက်လှမ်းရေးနဲ့ စစ်ဆေးရေးမှာ တာဝန်ထမ်းနေသူတွေဟာ ဒီအလုပ်မှာ အင်မတန် ကျွမ်းကျင်ကြတယ်။ လက်သည်မပေါ်အောင် လုပ်တတ်ကြတယ်။ တုံးတဲ့လက်နက်မျိုး သုံးကြတာ များတယ်။ အတွင်းကြေဆိုတဲ့အသုံး ဟာ ထောင်ကျသူတွေ နှိပ်စက်ခံရတာကို ပြောတဲ့ စကားလုံးဖြစ်လာတယ်။ အပြင်ကကြည့်ရင်တော့ ဘာမှ ဖြစ်မ ထားသလို။ အထဲမှာ ဒဏ်ရာတွေက သွေးထွက်တာ၊ ရောင်ရမ်းတာ၊ သွေးအဟောင်းတွေကနေ အာရုံကြောပေါ် ဖိထားတာ၊ နာကျင်တာ၊ ထုံကျင်တာ၊ သူ့အလုပ်သူ မလုပ်နိုင်တာတွေ ဖြစ်တယ်။

ရဲတွေ၊ ထောက်လှမ်းရေးတွေနဲ့ ထောင်ဝန်ထမ်းတွေထဲမှာ လက်ရဲဇက်ရဲတွေအပြင် လက်ယဉ်သူတွေ ရှိတယ်။ သားသတ်ရုံမှာ အလုပ်လုပ်တာကြာသူတွေက တိကနဲ့ ခုတ်ထစ်ဖြတ်တောက်နိုင်ကြသလိုပဲ အကျဉ်းသား တွေကို နှိပ်စက်ရာမှာ ကွတ်တိလုပ်တတ်ကြ၊ လုပ်ရဲကြ၊ လုပ်ရက်ကြတယ်။ သူများမသိလောက်အောင် လုပ်တာ ပေမယ့် လောကကြီးမှာ မှန်ကန်ကြည်လင်သူတွေက မသမာသူတွေထက် အမြင်ရော၊ အတွေးပါ စူးရှကြပါတယ်။

ဖမ်းဆီးတုန်းက သတင်းစာမှာ ထည့်ရင် အဆိုးဆုံးဓာတ်ပုံကိုတောင်မှ ဖိုတိုရှော့ လုပ်သေးတယ်။ လွှတ်ကာနီးရင် တော့ ပြောင်းပြန်လုပ်တယ်။ ရုံးထုတ်တာတို့ လွှတ်ပေးတော့မယ့်အချိန်ဆိုတာ အဲဒီအနာ ဒဏ်ရာဒဏ်ချက်တွေ လူမြင်မှာ အကြည့်ရမဆိုးချိန်အထိ ဆွဲထားကြတယ်။

မြန်မာပြည်မှာ နိုင်ငံရေးအပြောင်းအလဲကို စိတ်မစောကြပါနဲ့ပြောနေကြတယ်။ စောင့်ကြည့်ပါလို့ ရှေ့နေ လိုက်ကြတယ်။ နောက်ရွေးကောက်ပွဲ အားခဲထားကြတယ်။ ကျနော်အမြင်ကတော့ လက်ရှိထောင်ထဲက ကျောင်းသားတွေအပါအဝင် အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးဟာ အင်မာဂျင်စီဖြစ်တယ်။ ဘာကိုမှ ဘယ်သူ့ကိုမှ ဘယ်လောက်မှ စောင့်မနေနိုင်ပါခင်ဗျား။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013