DVB Logo
Home
နိုင်ငံရေး
တံခါး​ပိတ်ခိုင်းစေခံရသူ မြန်မာ​အလုပ်​သမား​များ ပြန်လွတ်
DVB
·
April 20, 2011
Donate to DVB
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒင်းဒန်းဒေသက အလုပ်ရုံ ၅ ရုံမှာ အပြင်ထွက်ခွင့်မရဘဲ အလုပ်လုပ်ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမား ၄ဝ လောက်ဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဝင်ရောက်ကယ်တင်မှုကြောင့် ဒီကနေ့ နေ့ခင်းမှာ ပြန်လွတ်လာပါတယ်။
အလုပ်သမားတွေမှာ အမျိုးသမီး အများစုဖြစ်ပြီး အမျိုးသားက ၉ ယောက်ဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ အလုပ်သမလေးတွေက ပြောပါတယ်။
သူတို့ဟာ လေးထပ်တိုက်ပေါ်မှာ အလုပ်လုပ်ရပြီး တယ်လီဖုန်း ဆက်ခွင့်မပေးသလို အပြင်ထွက်ခွင့်မပေးတဲ့အတွက် တချို့လမ်းလျှောက်တာ မူမမှန်ဘူးလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့လပိုင်းက အဲဒီအလုပ်ရုံတွေကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ တိုင်ကြားမှုကနေ အစပြုပြီး အခုလို ဝင်ရောက်ကယ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး တာဝန်ကျသူတဦးက “ဒင်ဒဲန်း အလုပ်ရုံ ၅ ရုံက မြန်မာ အလုပ်သမား ၄၅ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အလုပ်သမားတွေကို အပြင်မထွက်ရဲအောင် ရဲတွေနဲ့ ခြောက်လှန့်ထားကြောင်း၊ မနားတမ်းအလုပ်လုပ်ကြရတဲ့အပြင် ပိုက်ဆံလည်း ကောင်းကောင်းမရကြကြောင်း” ဖမ်းဆီးအရေးယူမှုတွေ ပြုနေရင်းက ပြောပါတယ်။
“အချုပ်သားတွေလို နေရတော့ သမီးတို့ဆိုရင် အောက်ပိုင်းတွေတောင် သိပ်မလှုပ်နိုင်တော့ဘူး။ ကျန်တဲ့သူတွေတော့ ၂ လ၊ ၃ လလောက်ပဲရှိသေးတယ်။ သမီးတယောက်ပဲ ၈ လလောက်ရှိပြီ။ တလပိုင်းတုန်းက ထွက်ပြေးတော့ သူတို့သိတဲ့ ပုလိပ်တွေနဲ့ ပြန်လိုက်ဖမ်းပြီးတော့ သမီးတို့ကို ပိုက်ဆံတယောက် ၅ဝဝဝ စီ ဒဏ်ရိုက်ပြီးတော့ ပြန်ပြီးခိုင်းထားတယ်။”
အထည်ချုပ်စက်ရုံမှာ အထည်တထည်ကို ဆယ်ဘတ်နှုန်းနဲ့ ဈေးနှိမ်ခိုင်းစေတာ ခံရတယ်လို့ ဆိုပါတယ်။
တခြားအမျိုးသမီး အလုပ်သမတဦးကလည်း နေထိုင်ရပုံအခြေအနေနဲ့ ထွက်ပြေးသွားပြီးတဲ့နောက် သုံးလကြာ နေ့ရောညရော လုပ်ပေမယ့် လုပ်ခရနိုင်ဖွယ်မရှိပုံကို ခုလို ပြောပြပါတယ်။
“အပ်ချုပ်ရုံက လေးထပ်တိုက်ပေါ့နော်။ အလုပ်လုပ်တာက ဒုတိယထပ်မှာ နေတာက တတိယထပ်မှာ။ ဖုန်းလည်းသိမ်းထားတယ်။ အေºကွးက လေးသောင်းလောက်ရှိတယ်။ သမီးတို့က လမ်းစရိတ်မကျေသေးဘူး။”
မြန်မာအလုပ်သမားတွေကို ဘန်ကောက်အခြေစိုက်  BAT ခေါ် Burma Association of Thailand ကတဆင့် ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးဌာနကို တိုင်ကြားမှုကြောင့် အခုလို ကယ်တင်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရရှိတဲ့ ထိုင်းသတင်းတွေအရ ပြန်လည်ကယ်တင်နိုင်တဲ့ မြန်မာလုပ်သမား ၆ဝ ရှိပြီလို့ ထိုင်း နော်ဆော်ပေါ်သတင်းက ရေးသားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo
About Us
For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2013