
ရုရှားမှာ မြောက်ကိုရီးယားစစ်သည် ၈,၀၀၀ ကျော် ရှိနေပြီး နောက်ထပ် ၁၀,၀၀၀ စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောကြားလိုက်ပါတယ်။
အချက်အလက်သစ်တွေအရ အဲဒီစစ်သည် ၁၀,၀၀၀ ကို လေ့ကျင့်ပေးပြီး ရုရှားကို စေလွှတ်ဖို့ ရွေးချယ်နေတယ်လို့ ဇလန်းစကီးက စက်တင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယားက ရုရှားကို အမြောက်ကျည်နဲ့ မော်တာကျည် သန်းနဲ့ချီအပြင် ပဲ့ထိန်းဒုံးကျည်နဲ့ ဒုံးပစ်စနစ်တွေပါ ပေးပို့ထားတယ်လို့ ယူကရိန်းနဲ့ သီးခြားအကဲဖြတ်ချက်တွေမှာ ဖော်ပြထားပါတယ်။
ဒီအချိန်မှာပဲ ယူကရိန်းက ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သည် ၂ ယောက်ကို တောင်ကိုရီးယားထံ လွှဲပြောင်းပေးထားတဲ့ကိစ္စက သံတမန်ရေးပြဿနာ ဖြစ်လာပါတယ်။
ဇလန်းစကီးက အဲဒီစစ်သည် ၂ ယောက်ကို တောင်ကိုရီးယား လွှဲပေးပြီးပြီလို့ စက်တင်ဘာ ၂၃ ရက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ လူသိရှင်ကြား ထုတ်ဖော်ခဲ့ပါတယ်။
တောင်ကိုရီးယားကတော့ ဒီလွှဲပြောင်းမှုကို လျှို့ဝှက်ထားဖို့ ၂ နိုင်ငံ သဘောတူထားခဲ့တယ် ဆိုတာကြောင့် အခုလို ထုတ်ဖော်လိုက်တဲ့အပေါ် အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၈ ရက်မှာ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းယာယီသံအမတ် အန်ဒရီ ဗီယက်ရှ်ကင်ကို ဆင့်ခေါ်ပြီး တရားဝင်ကန့်ကွက်ခဲ့ပါတယ်။
ယူကရိန်းသမ္မတရုံးကတော့ ဒီကိစ္စကို လျှို့ဝှက်ထားဖို့ သဘောတူညီချက်မရှိခဲ့ဘူးလို့ ဆိုထားပြီး ဆိုးလ်ဘက်က ဒီပြောဆိုချက်ကို ပယ်ချထားပါတယ်။
စစ်သုံ့ပန်း ၂ ယောက်ကို ယူကရိန်းတပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ်အစောပိုင်း ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့က တောင်ကိုရီးယားကို သွားလိုကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားတပ်တွေ ရုရှားဘက် ထပ်တိုးလာနိုင်တယ်ဆိုတဲ့ ယူကရိန်းရဲ့ သတိပေးချက် ထွက်လာချိန်မှာပဲ ဒီစစ်သုံ့ပန်းလွှဲပြောင်းမှုက ယူကရိန်းနဲ့ တောင်ကိုရီးယားကြား ယုံကြည်မှုအပေါ် ဖိအားတိုးစေပါတယ်။










