DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ထောင်ဒဏ် ၆ လ ထပ်ချ
DVB
·
June 26, 2015
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ထောင်ဒဏ် ၆ လ ထပ်ချ
Donate to DVB

ထောင်တွင်းအကျဉ်းကျခံနေရဆဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ဒဂုံမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၆ လ ဒီနေ့ ထပ်မံချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ရွှေတိဂုံဘုရားမှာ ၀တ်ပြုဆုတောင်းခဲ့တာကြောင့် သူ့ကို အများပြည်သူ နှောင့်ယှက်တဲ့ပုဒ်မနဲ့ ၂၀၁၃ ခုနှစ်က တရားစွဲဆိုတာဖြစ်ပါတယ်။

တရားစွဲဆိုတာ ၂ နှစ်ကြာချိန်မှာ အခုလို ထောင်ဒဏ်ချလိုက်တာလို့ နော်အုန်းလှရဲ့ ရှေ့နေ ဦးကျော်လတ်စိုးက ပြောပါတယ်။

“သူက ရွှေတိဂုံဘုရားပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံရေးသမားတွေ ရွှေတိဂုံဘုရား အင်္ဂါထောင့်မှာ ဘုရားရှိခိုးကြတာ။ ဘုရားဂေါပက ကနေပြီး သူ့ကို တရားလိုလုပ်ပြီးတော့ ပုဒ်မ ၂၉၆ နဲ့ တရားစွဲဆိုထားတဲ့အမှုပါ။ ၂၀၁၃ ခုနှစ်ကတည်းဆိုတော့ တော်တော်ကြာသွားပါပြီ။ သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချလိုက်ပါတယ်။”

ပုဒ်မ ၂၉၆ ဟာ အမျိုး၊ ဘာသာ၊ သာသနာကို နှောင့်ယှက် ဖျက်ဆီးမှုဖြစ်ပါတယ်။ အမှန်မှာ နော်အုန်းလှဟာ ဘာသာကို နှောင့်ယှက်တာ မဟုတ်ဘဲနဲ့ အနှောင့်ယှက်ခံရတာဖြစ်တယ်လို့ ရှေ့နေ ဦးကျော်လတ်စိုးက ဝေဖန်ပါတယ်။

“ဒီကိစ္စကြီးက တကယ်တမ်းပြောရရင် တော်တော်ကိုမတရားတဲ့ကိစ္စကြီးပါ။ တကယ်တမ်း နှောင့်ယှက်ခံရတာက ဒေါ်နော်အုန်းလှတို့က နှောင့်ယှက်ခံရတာလေ။ သူတို့ ဘုရားရှိခိုး ၀တ်ပြုဆုတောင်းကြတဲ့အချိန်မှာ နှောင့်ယှက်တယ်။ ဆုတောင်းတဲ့နေရာမှာ အက်စစ်ရေ တွေဖြန်းထားတယ်။ အများကြီးပါ။ ဘုရားဂေါပကနဲ့၊ အက်စ်ဘီတွေ ခဏခဏ ကားပေါ်တင် တနေရာခေါ်စစ်၊ အဲဒီခေတ်ကလည်း ပွင့်လင်းတဲ့အချိန်မဟုတ်ဘူးလေ။ လုပ်ချင်သလို လုပ်နေကြတာပေါ့လေ။ ဒါကိုလည်း ဒေါ်နော်အုန်းလှတို့က မတုန်မလှုပ် မကြောက်မရွံ့နဲ့ ဆောင်ရွက်ခဲ့တာပါ။”

နော်အုန်းလှဟာ မနှစ် ဒီဇင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ဖြစ်ရပ် အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့မှာ ချီတက်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မေလက တခြားလှုပ်ရှားသူတွေနဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရပြီး အကျဉ်းထောင်အတွင်းမှာပဲ တရားရင်ဆိုင်ရင်း နောက်ထပ်ထောင်ဒဏ် ၆ လ ထပ်မံ ချမှတ်ခံရတာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်သံရုံးရှေ့မှာ လမ်းလျှောက်ချီတက်မှုနဲ့ အလုံ၊ ကျောက်တံတား၊ စမ်းချောင်း အစရှိတဲ့ မြို့နယ်တွေကလည်း သူ့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013